ရသ ကိုးပါး

မြန်မာစာပေဂီတတွင် ရသကိုးပါးကို ဖော်ညွှန်း ပြဆိုထားသည်။
ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ သိင်္ဂါရရသ         = ချစ်ခင်ခြင်း။


၂။ ဟဿရသ         = ရယ်ရွှင်ခြင်း။


၃။ ကရုဏာရသ       = သနားကြင်နာခြင်း။


၄။ ရုဒ္ဒရသ              = ကြမ်းကြုတ်ခက်ထန်ခြင်း။


၅။ ဝီရရသ              = ရဲရင့်ခြင်း။


၆။ ဘယာနကရသ    = ကြောက်ရွံ့ခြင်း။


၇။ ဝိဘစ္ဆရသ          = စက်ဆုပ်ခြင်း။


၈။ အဗ္ဘု တရသ         = အံ့သြခြင်း။


၉။ သန္တရသ             = ငြိမ်းအေးခြင်း။

မဟာမုနိရုပ်ရှင်တော်ဘုရားကြီးသမိုင်း (ပုံတော်စုံ)

မဟာမုနိဘုရားကြီး သမိုင်းအကြောင်း ပုံတော်စုံ ( ဦးမောင်မောင်တင်)


မဟာမုနိ ရုပ်ရှင်တော်ကား ကမ္ဘာက လေးစားရသော သမိုင်းဝင် ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ မန္တလေးမြို့၏ ကျက်သရေဆောင် အဓိကရ ထင်ရှားသော ဘုရားတစ်ဆူလည်း ဖြစ်သည်။ မန္တလေးသို့ ရောက်သူတိုင်း မဟာမုနိ သို့ မရောက်လျှင် မန္တလေးသို့ ရောက်သည်ဟုပင် မဆိုထိုက်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြသည်။ 


မဟာမုနိရုပ်ရှင်တော်သည် မြန်မာနိုင်ငံ၌ ရှေးကျသော ရုပ်ပွားတော်ကြီးဖြစ်သည်။ ဘုရားလက်ထက်တော်၌ ဗုဒ္ဓကိုယ်တော်တိုင်က “ညီတော်မဟာမုနိ” ဟူသော ဘွဲ့ဖြင့် ခေါ်ဆိုခဲ့ကြောင်း သမိုင်းစာတမ်းတွင် တွေ့ရ သည်။ အခြားသမိုင်းစာများတွင် “ရက္ခိုက်ဘုရားကြီး” ဟူ၍ လည်းကောင်း “ရခိုင်ဘုရားကြီး” ဟူ၍ လည်း ကောင်း ရေးကြသည်။ အခေါ်အပြောလည်း ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် “ARAKAN PAGODA” ဟု ရေးသား ဖေါ်ပြကြသည်။ ပြည်သူအများက ထူးမြတ်သော မဟာမုနိ ရုပ်ရှင်တော်ကို “မဟာမြတ်မုနိ” ဘုရား ကြီးဟူ၍လည်း ခေါ်ကြသည်။

မဟာမုနိရုပ်ရှင်တော်ဘုရားကြီးသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ကိန်းအောင်းစံပယ်လျက်ရှိ သည်။ မူလတည်ရာဌာနသည်ကား ရခိုင်ပြည် ဓညဝတီမြို့ဟောင်း၏ မြောက်ဘက်တွင် ဂန္ဓကုဋိကျောင်း တော်ကြီး၌ တည်ရှိခဲ့သည်။

မဟာမုနိရုပ်ရှင်တော်ဘုရားကြီးသမိုင်း (မြောက်ဦး)

 
ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများသည် ထေရ၀ါဒဗုဒ္ဓဘာသာရှိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်များကို ထည့်သွင်းထားရှိသည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာပါသည်။

စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့သည်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိကြသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထိုင်တော်မူသော ဂေါတမဗုဒ္ဓသည် ထိုအကြောင်းအရာကို သိရှိလာသောကြောင့် ဗုဒ္ဓက သူ၏သာဝက အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများ အုပ်ချုပ်ထားသော ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွရောက်လာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် ဗုဒ္ဓ၏ ရှေးရှေးဘ၀ပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင် ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးလေသည်။ ဤကဲ့သို့ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင် မဟာပထ၀ီမြေကြီးသည် တုန်လှုပ်ပြီး ပင်လယ်သမုဒ္ဒရာတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လေသည်။   စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။ ဂေါတမဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းကို ဘုရင်မင်းမြတ်သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့်အတူ မောရပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထိုင်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံလေသည်။ မြို့တော်မှ ဗုဒ္ဓမထွက်ခွာမှီ ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။

နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော   ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ကြလေသည်။ ရုပ်ထုတော်အတွင်းပိုင်သို့ ဂေါတမဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ်ထည့်လိုက်သောအခါ ဂေါတမဗုဒ္ဓနှစ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထ၀ီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမဗုဒ္ဓသည် သူ၏သာဝက ဗုဒ္ဓရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားလေသည်။ ယင်းအချိန်အတွင်း ဘုရင် စန္ဒသူရိယမင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပလေသည်။ ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ရှိလေသည်။ ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ့ရှိသည်ဟု အဆိုရှိလေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည်ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။

ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခုတည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်လေသည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အားကိုးကွယ်ဆည်းကမ်ရန် ရောက်ရှိလာခဲ့ကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟု အဆိုရှိလေသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုကြလေသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးလေသည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို   ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်တောက်ဆောက်ခဲ့ကြလေသည်။

မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ ဘုရားဖူးခရီးတစ်ခုစတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။

၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည်။ ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။ ဆုံးရှုံးသွားသော အမွေအနှစ်ကြောင့် ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူတို့ ဆက်လက်ခံရလေသည်။ (၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကိုတည်ဆောက်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော်အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ယနေ့အခါမှာ မဟာမုနိဘုရားသိမ်တော်နေရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာပါသည်။

မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြိုက်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည်ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွေ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံနံရံနှစ်ဆင့်က ၀ိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက် အနောက်ဘက်တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ၀င်ပေါက်လေးပေါက် ဖောက်ထားပြီး အရှေ့ဘက်ဝင်ပေါက်ကိုအဓိက ၀င်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့မြောက်ထောင့်တို့တွင် ဗုဒရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ထားရှိပါသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း နာလန္ဒ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။

http://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%99%E1%80%AF%E1%80%94%E1%80%AD_%28%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%29

ရွှေတိဂုံစေတီတော်


ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်မှာ ဖိနပ်တော်မှ စိန်ဖူးတော်ထိ (၃၂၆) ပေဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။


အမည်ခေါ်တွင်ပုံ

ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလဲခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင်  ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံလိုလိုဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။



သမိုင်းကြောင်း



သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။



ကုန်သည်ညီနောင်



ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တဖုဿ      နှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ      နှင့် ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။


ရုက္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿ       နှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿ       နှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူ ဒါန်း ပူဇော်ခြင်းပြု၏။

ပထမဆုံး သရဏဂုံတည်သူ

ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက္ကာကပြု လှူ ဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူ ဒါန်း ပူဇော်ခဲ့သည့်အတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿ       နှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။

ဆံတော်ရှစ်ဆူ

ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿ       နှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူ ပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿ       နှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿ       နှင့် ဘလိ်္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျ ကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။

နောင်တော်ကြီးစေတီ

ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။

ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး

ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌

1. ဆူးလေနက်ကြီးထံမှ ရရှိသော

    ကကုသန္ဓ(ကကုသန်)မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်

2. ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှရရှိသည့်

   ကောဏာဂမန(ကောဏာဂုံ)မြတ်စွာဘုရားရှင်၏ ရေစစ်တော်

3. ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့်

   ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်

4. တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော
   ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူ အား

မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို အမြိရသ မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

သာသနာအစရွှေတိဂုံက

ဥက္ကလာပမင်းကြီးနှင့် ပြည်သူများပူးပေါင်း၍ ဌာပနာ တိုက် ကျောက်ဖျာအထက်၌ ဉာဏ်တော်(၄၄)တောင် အမြင့်ရှိသည့် စေတီတော်မြတ်တစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီအား “တိဂုမ္ဗစေတီတော်”ဘွဲ့ချီမော်ကွန်း ထိုးခဲ့၏။ ထို “တိဂုမ္ဗစေတီတော်”သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌“သာသနာအစ ရွှေတိဂုံက”ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။

သဗ္ဗညုဘုရား

  • စေတီပုထိုးအမှတ်=၁၅၉၇/၉၀၆
သဗ္ဗညုဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ ပုဂံနန်းမြို့ရိုး အတွင်း အာနန္ဒာ လိုဏ်ဂူတော်ဘုရားကြီး၏ အနောက်တောင် ယွန်းယွန်း ကိုက် ၅၀ဝ ခန့် အကွာတွင် တည်ရှိသည်။ သဗ္ဗညု လှိုဏ်ဂူတော် ဘုရားကြီးသည် လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားတွင် ထုထည်ကြီးမားသော ဘုရားကြီးများအနက် ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူပင် ဖြစ်သည်။ ဉာဏ်တော် ပေ (၂၀၀)ကျော် မြင့်သဖြင့် အခြားဘုရားပုထိုးများ အကြားတွင် ထီးထီးမားမားကြီး တည်ရှိနေသည်။ သဗ္ဗညုဟူသော ဝေါဟာရကို ပုဂံခေတ် ရေးထိုးကျောက်စာများတွင် သိစပ်မြင်နှံ့ ဟူ၍ ပြန်ဆိုရေးသားလေ့ ရှိသဖြင့် ဗုဒ္ဓဘုရားသခင်၏ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညုတ ဉာဏ်တော်ကို အာရုံပြုခေါ်ဝေါ် သမုတ်သည်ဟု ယူဆကြသည်။
သဗ္ဗညုဘုရားဒါယကာမှာ ကျန်စစ်မင်းကြီး၏ အရိုက်အရာကို ဆက်ခံသည့် မြေးတော် အလောင်းစည်သူမင်းကြီးဖြစ်သည်။ အလောင်းစည်သူ မင်းကြီးသည် ခရစ် ၁၁၄၄-ခုနှစ်တွင် ရှင်မဟာမောဂ္ဂလ္လာန် ကြပ်မတ်၍ တည်ဆောက်ခဲ့သော ကျောင်းအမကြီး ဝိသာခါ၏ ပုပ္ဖာရုံကျောင်းတော်ကြီးကို အတုယူကာ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟု ဘုရားသမိုင်းများတွင် ဆိုလေသည်။ ထို့ကြောင့် ထိုလိုဏ်ဂူမှာ ဘုရားဝတ်ပြုရန် သက်သက်ချည်းသာ မဟုတ်ပဲ ရှေးခတ်က သံဃာတော်များ သီတင်းသုံးရန်နှင့် ပိဋကတ်တိုက်ထားရှိ သုံးစွဲရန်လည်း လျာထားစီမံခဲ့သည်ဟု ထင်ရန်ရှိလေသည်။
အမြင့်ဉာဏ်တော်မှာ ဖိနပ်တော်မှ ငှက်မြတ်နားထိ ၂၀၁-ပေမျှ ရှိသည်။ အခြားစေတီ ပုထိုးများကို လွှမ်းမိုးနေဘိ သကဲ့သို့ ရှိနေရာ ပုဂံမျှော်စင်ဟုပင် ခေါ်ဆိုကြသည်။ သဗ္ဗညု လိုဏ်ဂူတော် ဘုရားကြီးသည် ရှေးအခါက သံဃာတော်များ ပရိယတ္တိစာဝါ လေ့လာရန်နှင့် ပိဋကတ်တိုက်သဖွယ် အသုံးပြုခဲ့ကြသည်။ ပုဂံ၏ အလှဆုံးအချိန်ဟု သတ်မှတ်ထားသော ညနေနေဝင်ရီတရော အချိန်၌ ပုဂံ၏ အလှရှုခင်းအရသာကို သဗ္ဗညုဘုရားပေါ်မှ ကြည့်ရှုခံစားနိုင်သည်။ [၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၄၇၄ ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်တော်မူသော အလောင်းစည်သူမင်းကြီးသည် ထီးနန်းစိုးစံတော်မူ၍ ၁၁ နှစ်အကြာ တစ်နေ့သောအခါ၌ ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်၏ အရှေ့မျက်နှာရှိ ဝိသာခါသူဌေးမ၏ ကောင်းမှုဖြစ်သောပုပ္ဖာရုံ ကျောင်းတော်သဏ္ဌာန် စေတီတည်ရသော်ကောင်းလေစွဟု အကြံဖြစ်တော်မူ၏။ ပုပ္ဖာရုံကျောင်းတော်ကား လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန်၏ တန်ခိုးအာနုဘော်ဖြင့် မကြာမြင့်မီပင်တစ်စုံတစ်ရာ ချွတ်ယွင်းပျက်စီးခြင်းမရှိ၊ အောင်အောင်မြင်မြင်ပြီးစီးခြင်းသို့ ရောက်ရသောကျောင်းတော်ကြီး ဖြစ်သည်။ ယင်းကျောင်းကြီးသည် ဘုံတိုက်ခန်း ၅ဝဝ၊ အထက်ဆင့်၌တိုက်ခန်း ၅ဝဝ အားဖြင့်တိုက်ခန်း ၁ဝဝဝတို့ဖြင့် ဆန်းကြယ်စွာ တန်းဆာဆင်ယင်ထားသည်။
အလောင်းစည်သူမင်းကြီးသည် ရှင်အရဟံ၊ စိမ်းညက်မင်းသားတော် မဟာထေရ်ရှင်အာနန္ဒာစသော သံဃာတော်အရှင်မြတ်များ၊ ပညာရှိ မှူးတော်မတ်တော်များနှင့် တိုင်ပင်၍ အရှင်မောဂ္ဂလာန်စီရင်တော်မူသော ပုပ္ဖာရုံကျောင်းနှင့်သဏ္ဌာန်တူစွာ အမြင့်သံတောင် ၁၆ဝ ရှိသော သဗ္ဗညုစေတီကို သက္ကရာဇ် ၄၈၆ ခုနှစ် ၌ တည်ထားကိုးကွယ်တော်မူ၏။
တိုင်းနိုင်ငံအသီးသီးမှ ဆက်သအပ်သော ဓာတ်တော်များကိုလည်း ဌာပနာ၍ မလည်တောင်ခြေအရပ်မှ ရအပ်သောပတ္တမြားများကို ပေါက်ပေါက်ပြုကာ ကြဲဖြန့်ပူဇော်တော်မူ၏။ အခန်းကြီး အခန်းငယ်နှင့်တကွ အသွယ်သွယ်သော ကြောင်လိမ်တို့ကိုလည်း အံ့မခန်းမျှစီမံတော်မူ၏။ အချိန်တစ်သောင်းရှိသော ကြေးစင်ခေါင်းလောင်းကြီးကိုလည်း သွန်းလုပ်လှူဒါန်းတော်မူ၏။ ဘုရား၏အရှေ့တောင် ထောင့်တွင်ခေါင်းလောင်း ချိတ်ဆွဲသည့် ကျောက်တိုင်ကြီးများမှာ ယခုတိုင်ရှိနေသည်။

ဗိသုကာ လက်ရာများ[ပြင်ဆင်ရန်]

သဗ္ဗညုဘုရား၏ အရှေ့မြောက်စောင်းတန်းတွင် ကပ်လျက်ရှိသည်။ သဗ္ဗညုဘုရားတည်ဆောက်ထားပုံမှာ အာနန္ဒာဘုရားတည်ဆောက်ထားပုံကဲ့သို့ အာရုံခံ လေးဘက် လေးမျက်နှာမရှိဘဲ အရှေ့ဘက်တစ်မျက်နှာတွင်သာ အာရုံခံရှိသည်။ ယင်းအာရုံခံသည် ကုလားကျောင်းမှ ထိုးထွက်နေသောကြောင့် ဘုရား၏စံနစ်ပုံစံမှာ အာနန္ဒာဘုရားကဲ့သို့ ကြက်ခြေလေးဘက် မညီချေ။ အာရုံခံ တစ်ဘက်သာရှိသော် လည်း အုတ်နံရံထုအကြား၌ ဆောက်လုပ်ထားသော ကြောင်လိမ်လှေခါးတို့ဖြင့် တက်ရသည့် အဆင့်ဆင့်ရှိသော အဆောက်အအုံဖြစ်သည်။
ပထမနှင့်ဒုတိယအဆင့်များသည် ရဟန်းတော်များ သီတင်းသုံးရန်ဖြစ်၍ တတိယအဆင့်တွင် ရုပ်ပွားတော်များထားရှိသည်။ စတုတ္ထအဆင့်ကိုမူကား ပိဋကတ်တိုက်အတွက်အသုံးပြု၍ ပဉ္စမအဆင့်တွင်မှ စေတီတည်၍ ဓာတ်တော်များ ဌာပနာထားသည်။ သို့ဖြင့် အဆောက်အအုံမှာ စေတီလည်းဖြစ် ကျောင်းလည်းဖြစ်လေသည်။ ထုထည်ကြီးမားသော ပုဂံခေတ် ကုလားကျောင်းခံဘုရားများတွင် သဗ္ဗညုဘုရားလည်း တစ်ဆူအပါအဝင် ဖြစ်လေသည်။[၂]
သဗ္ဗညုလိုဏ်ဂူသည် ပုဂံဝန်းကျင်တွင် ထုထည် အကြီးမားဆုံး အဆောက်အအုံ ဖြစ်သည်။ ဘုံနှစ်ဆင့် ရှိသည်။ အောက်ဘုံတွင်လည်းကောင်း၊ အထက်ဘုံတွင် လည်းကောင်း၊ စိန်တောင် ထောင့်စေတီ၊ ပစ္စယာသုံးဆင့်တို့ဖြင့် တန်ဆာဆင်ထားသည်။ ဘုံနှစ်ခုစလုံးတွင် လေသာပြတင်း နှစ်ဆင့်စီ ရှိသဖြင့် နံရံအတွင်း၌ အလင်းရောင် ကောင်းစွာရနိုင်လေသည်။ ထိုလိုဏ်ဂူသည် ဖိနပ်တော်မှ ငှက်မြတ်နားအထိ ဉာဏ်တော် (၂၀၁) ပေ ရှိလေသည်။
အရှေ့ဘက် အာရုံခံမှာ အခြားဘက်များထက် ပို၍ ကျယ်ပြန့်သည်။ အတွင်းသို့ ဝင်လိုက်သော် အထက်တက်ရန် လှေကားမကြီးကို မြင်ရသည်။ လှေကားမကြီးအစ ဝဲဘက်ယာဘက်တွင် ဒွာရပါလ အစောင့် နတ်ရုပ်များသည် မုခ်ဝကို မျက်နှာမူ၍ မတ်တပ်ရပ်နေသည်။ လှေကားမကြီးအဆုံးတွင် အထပ်ငယ် တစ်ထပ်ရှိသည်။ ထို အထပ်ငယ်၌ အလယ်မဏ္ဍိုင်ကြီးကို စင်္ကြနှစ်ထပ် ပတ်ဝိုင်းထားသည်။ ထိုအထပ်ငယ်မှ တစ်ဆင့် နှစ်ဖတ် နံရံအတွင်း ဖောက်ထွင်းပြုလုပ်ထားသော လှေကားများဖြင့် ဆက်တက်လိုက်သော် အရှေ့ဘက် အာရုံခံအမိုးပေါ်ရှိ လေသာဆောင်သို့ ရောက်လိမ့်မည်။ ထိုမှ လှေကားဖြင့် အနောက်ဘက်တက်သော် ဂန္ဓကုဋိတိုက်တွင်း၌ တင်ပျဉ်ခွေ ရုပ်ပွားတော်ကြီးတစ်ဆူကို ဖူးတွေ့ရလိမ့်မည်။ ဤသည်မှာ တတိယထပ်ဖြစ်သည်။ ထိုအထပ်မှ ပုဂံပတ်ဝန်းကျင်ကို ကောင်းစွာ မြင်နိုင်သည်။
တတိယထပ် တစ်ဖက်တစ်ချက်ရှိ နံရံတွင်း လှေကားဖြင့် တက်ပြန်သော် စတုတ္ထအထပ်ငယ်သို့ ရောက်လိမ့်မည်။ ထိုအထပ်၏ အပြင်ဘက်အာရုံခံမှ နတ်လှေကားဖြင့် အပေါ်တက်ပြန်သော် ကွမ်းထောင် အထက်၌ကား စေတီပေါက်ထားလေသည်။ [၃]
သဗ္ဗညုလိုဏ်ဂူကို ခေတ်အဆက်ဆက် ကုသိုလ်ရှင်များက ထုံးသတ်ခဲ့လေ၍ ယခုအခါ အင်္ဂတေပန်းများ မပေါ်တော့ပြီ။ အနောက်ဘက် မျက်နှာအာရုံခံ အမိုးတွင်မူ ကျိုက်တငို ပန်းဝိုင်းများ ရှိနေသေးသည်။
လိုဏ်ဂူဘုရား၏ အနောက်ဘက် ဘုန်းကြီးကျောင်းဝင်းအထဲတွင် အလောင်းစည်သူမင်း၏ ကောင်းမှု ခေါင်းလောင်းတိုင်ကြီးများ ရှိသည်။ မူလက ကြေးစင်အချိန် တစ်သောင်းကို သွန်းသော ခေါင်းလောင်းကြီးကို ချိတ်ဆွဲထားခဲ့သော်လည်း ယခုအခါ မတွေ့နိုင်တော့ပေ။

ဂရို့ချိုးဘုရား[ပြင်ဆင်ရန်]

သဗ္ဗညုလိုက်ဂူနှင့် ကပ်လျက်ရှိသော ဂူဘုရားငယ်တစ်ဆူသည် ဂရို့ချိုးဘုရားဟု အမည်တွင်သည်။ အဆိုရှိသည်မှာ သဗ္ဗညုလိုဏ်ဂူကို တည်ဆောက်စဉ်က အုတ်တစ်သောင်းပါ အုတ်တစ်ဖိုလျှင် အုတ်တချပ်ကျဖြင့် ဂရို့ချိုးမှတ်ပြီး တည်ဆောက်ခဲ့သည် ဟူ၍ ဖြစ်သည်။


ပုဂံ

အာနန္ဒာဘုရား (အင်တာနက်မှ)
    တမ္ပဒီပ(ခေါ်)ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

    ဝေါဟာရရင်းမြစ်
    များသောအားဖြင့် ပျူဂါမမှ ပုဂါမ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။
    ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။
    ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု ၎င်း၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု၎င်း ပါရှိသည်။

    တည်နေရာ
    မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းတွင်တည်ရှိသည်။ မန္တလးမြို့မှ အနောက်တောင်ဖက် မိုင်(၉၀)အကွာတွင်တည်ရှိသည်။

    သမိုင်းကြောင်း
    ပျူမြို့ပြနိုင်ငံများခေတ်ကုန်ဆုံးပြီးနောက် ကျောက်ဆည်နယ်မှတစ်ဆင့် ယပ်တောင်ပုံဖြန့်ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ၀င်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ နှင့်မွန် တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟူသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။
    ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။

    ပုဂံနိုင်ငံတော်
    အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇ၀င်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ်(အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား ၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။

    ယဉ်ကျေးမှု
    ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး ၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူ မတိုင်မှီအထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။

    ပုဂံနိဂုံး
    အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏သြဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏သြဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက္ခ၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်သြဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။

    ယနေ့ပုဂံ
    ယနေ့ပုဂံမှာ ရှေးဟောာင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်းပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် “ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ” အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားပါသည်။
    ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသဖြင့် ပုဂံရှိ စေတီပုထိုး ၆၅ဆူခန့် ထိခိုက်ပျက်စီးခဲ့သည်။)

    ရာသီဥတု
    ပူပြင်းခြောက်သွေ့သည့် ကန္တာရရာသီဥတုမျိုးဖြစ်သည်။

    နန်းတော်
    အနော်ရထာမင်း နန်းတော် - ၂၀၀၃ ခုနှစ်တွင် ယခင်တည်ရှိခဲ့သော နန်းတော်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် မြေပြင်အထက်မှာ စိတ်ကူးသက်သက် ပြန်လည်ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။

    သယ်ယူပို့ဆောင်ရေး
    ပုဂံသို့ လေယာဉ်၊ ရထား၊ ကား တို့အပြင် သင်္ဘောဖြင့်ပါ လာရောက်နိုင်သည်။ လည်ပတ်စရာအနေဖြင့် e-bike ငှားရမ်းအသုံးပြုနိုင်သည်။

    လေကြောင်းလိုင်း
    နိုင်ငံခြားသားခရီးသွား အများစုသည် လေကြောင်းလိုင်းကို အသုံးပြု၍ ပုဂံသို့ လာရောက်လည်ပတ်ကြသည်။ ညောင်ဦးလေဆိပ်မှာ ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း အများစုမှာ ပုဂံသို့ ဆင်းသက်ကြသည်။ ရန်ကုန်မြို့မှ လာပါက မိနစ် (၈၀) ခန့် ကြာမြင့်ပြီး မန္တလေးမြို့မှ လာပါက မိနစ် (၃၀)ခန့် ကြာမြင့်မည်ဖြစ်သည်။ ညောင်ဦးလေဆိပ်သည် ညောင်ဦးမြို့အပြင်ဘက်တွင် တည်ရှိပြီး ပုဂံသို့ရောက်ရှိရန် ကားဖြင့်(၁၅)မိနစ်ခန့် ကြာမြင့်မည် ဖြစ်သည်။
    ရထား
    ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနားဘူတာတွင် လမ်းခွဲပါသည်။ ယခင် ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖောက်ထားသောလမ်းဖြစ်ပြီး ယခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိ ဆက်ထားပါသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။ မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။ သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။ 

    ကားလမ်း

    ရန်ကုန်မှ ပုဂံသို့ ကားလမ်းမှ လာလျှင် ၉ နာရီ နှင့် ၁၀ နာရီ အသီးသီးကြာမြင့်သည်။ မန္တလေးမှ ပုဂံသို့ ကားလမ်းမှသွားလျှင် ၃ နာရီ နှင့် ၄ နာရီ ကြာမြင့်သည်။

    ရေကြောင်း

    မန္တလေး - ပုဂံ အသွားအပြန် သင်္ဘောများ ရှိပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကီလိုမီတာ ၁၇၀ သွားလာရန် ၉ နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ခရီးသွားရာသီတွင် နေ့စဉ်ခရီးစဉ် ရှိပြီး တစ်ခါတစ်ရံ ညအိပ်ခရီးစဉ်များပါ ရှိသည်။

    ထင်ရှားသည့် ပုဂံဘုရားပုထိုးများ
    • ရွှေစည်းခုံစေတီ
    • အလိုတော်ပြည့်ဂူဘုရား
    • ထီးလိုမင်းလိုဘုရား
    • အာနန္ဒာဘုရား
    • ကန်တော့ပလ္လင်ဘုရား
    • သဗ္ဗညုဘုရား
    • ဗူးဘုရား
    • ရွှေဆံတော်စေတီ
    • ဓမ္မရံကြီးဘုရား
    • လောကထိပ်ပန်ဘုရား
    • မြစေတီ
    • မနူဟာဘုရား
    • နန်းဘုရားကျောင်း
    • လောကနန္ဒာဘုရား
    • ပြဿဒါးကြီး (ပြဿဒ်ကြီး)
    • သကျမုနိ
    • ရှင်ပင်သာလျောင်း
    • ဂူပြောက်ကြီး
    • ငှက်ပစ်တောင်ဘုရား(ညောင်ဦး)


    ပုဂံရှိ ဟိုတယ်များ
    • သံတဲဟိုတယ်
    • သီရိပစ္စယာဟိုတယ်
    • ဧရာဟိုတယ်

    အထင်ကရနေရာများ
    • သရပါတံခါး
    • မြစေတီကျောက်စာ
    • မြင်းကပါ
    • ဥပါလိသိမ်
    • ငှက်ပစ်တောင်

အာနန္ဒာဘုရား (Ananda Temple)

အာနန္ဒာဘုရား

အာနန္ဒာဘုရားကို ပုဂံခေတ် ကျန်စစ်သားမင်း(1084–1113)လက်ထက် AD(1090) တွင် တည်ထားတော်မူခဲ့သည်။ ကျန်စစ်သား မင်းလက်ထက်တွင် ဟိမဝန္တာတောရှိ နန္ဒမူလှိုဏ်ဂူမှ ရဟန္တာများ ပုဂံပြည်သို့ ကြွရောက်တော်မူလာကြသည်။ ထိုရဟန္တာအရှင်သူမြတ်များ၏မိန့်ကြားချက်အတိုင်း နန္ဒမူလှိုဏ်ဂူကို သဘောကျကာ နန္ဒမူလှိုဏ်ဂူကဲ့သို့ အာနန္ဒာစေတီတော်ကို တည်ထားတော်မူစေခဲ့ပါသည်။

အာနန္ဒာစေတီသည် ဂူပုထိုး(Temple) ပုံစံဖြင့် တည်ထားတော်မူသောစေတီတော်ဖြစ်ပါသည်။ အလျား(၁၆၈)ပေမြင့် ပြီး၊ အနံတစ်ဖက်လျှင်(၂၈၉)ပေ ရှိသည်။ အာနန္ဒာစေတီတော်တွင် ဘုရားဆင်းတုတော်၊ ဓာတ်တော်၊ မွေတော်များနှင့် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများထည့်သွင်းကာ ဌာပနာထားသည်။

အာနန္ဒာစေတီတော်ပရဝုဏ် အတွင်း အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာတွင် မုခ်ဦး တစ်ခုစီဖြင့် မုခ်ဦး(၄)ခုရှိသည်။ အလယ်မဏ္ဍိုင် အရပ်လေးမျက်နှာတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူအား ရည်မှန်းကာ ဘုရားလေးဆူကို တည်ထား သည်။ ဘုရားတစ်ဆူလျှင် (၁၈)တောင်မြင့်သည်။ မြောက်ဘက်အရပ်တွင် ကကုသန်ဘုရား၊ အရှေ့ဘက်တွင် ကောဏဂုံ၊ တောင်ဘက်တွင် ကဿ     ပ၊ အနောက်ဘက်တွင် ဂေါတမဘုရားဟူ၍ ဗုဒ္ဓရပ်တော်မူ ရုပ်ပွားတော် (၄)ဆူ တည်ရှိပါသည်။

ထိုရုပ်ပွားတော်များအနက် တောင်နှင့် မြောက်ဘက်ရုပ်ပွားတော်နှစ် ဆူသည်သာ ပုဂံခေတ်လက်ရာ ကျန်ရှိသည်။ ရုပ်ပွားတော်များကို အလင်းရောင်ရရှိရန်အတွက် အပေါက်များ ဖောက်ထားသဖြင့် ရုပ်ပွားတော်များကို ရှင်းရှင်းလင်းလင်းဖူးမြင်နိုင်ပါသည်။ ရုပ်ပွားတော်များကို အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းဖြင့် ကာရံထားသည်။ ပတ်လမ်းနှစ်ထပ်လုံးတွင် ဗုဒ္ဓဝင်ကျောက်ဆစ် ပန်းတမော့ရုပ်တုများ ထည့်ကပ် ထားသည်။



မုခ်ဦးမှ တံခါးများပိတ်ထားပါက ဘုရား အတွင်းပိုင်းလင်းနေအောင် ဆောင်ရွက်ထားသည့်အနုပညာမှာ လက်ရာမြောက် လှပါသည်။ အတွင်းပတ်လမ်းတ လျှောက်တစ်နေရာမှ တစ်နေရာသို့ကူး သည့်နေရာများတွင် တံတားခုံများဖြင့် ဆက်သွယ်ထားသည်။ ထိုတံတားခုံများ ကို သစ်တစ်ခုမပါ သံတစ်ချောင်းမပါဘဲ အုတ်များဖြင့်ဆက်၍ ထားသည်မှာ လက်ရာ မြောက်လွန်းလှသည့် မြန်မာ့ ဗိသုကာလက်ရာဖြစ်သည်။



အာနန္ဒာဘုရား၏အတွင်း နံရံပတ်လည်တွင်ဗုဒ္ဓဝင်ဆိုင်ရာ ကျောက်ဆင်းတုတော်များ၊ နံရံဆေးရေးပန်းချီ များဖြင့် အလှဆင်ထားသည်။ ယခုအခါ ခေတ်ကာလကြာမြင့်လာသည်နှင့်အမျှ သဘာဝဘေးအန္တရာယ်များကြောင့်လည်း ကောင်း၊ လူတို့၏တန်ဖိုးမထား ဖျက်ဆီး မှုများကြောင့်လည်းကောင်း အချို့နေရာ များတွင်သာ နံရံဆေးရေးပန်းချီနှင့်မှင်စာ များကိုမြင်တွေ့နိုင်တော့သည်။ ကျောက် ဖြင့်ထုလုပ်ထားသော ရှင်အရဟံရုပ်ထု နှင့်ကျန်စစ်သားမင်းကြီး၏ရုပ်ထုကို ယနေ့တိုင် တွေ့မြင်နိုင်သည်။

အာနန္ဒာစေတီတော်၏ အပြင် ဘက်အောက်ခြေပတ်လည်နှင့် အထက် ပစ္စယံများတွင် စဉ့်ကွင်းများဖြင့် ပြုလုပ်ထားသည့် နတ်၊ ဗြဟ္မာအပေါင်းတို့ မြတ်စွာဘုရားရှင်အား လာရောက်ဖူး မြော်နေပုံ၊ မာရ်နတ်စစ်သည်များက မြတ်စွာဘုရားရှင်အား စစ်တိုက်ရန်လာ ကြပုံ၊(၅၅၀) ဇာတ်နိပါတ်ပုံတော်များဖြင့် အလှဆင် ထားသည်။ ပုံတော်စုစုပေါင်း (၁၄၇၂)ခုရှိသည်။ အထက်ကွမ်းတောင် လှိုဏ်ဂူများတွင် ဘုရားဆင်းတုတော် (၂၀)ဆူထားရှိပြီး မုခ်ဦးထွက်ထောင့်၏ အထက်မုခ်ဦးတွင် ခြင်္သေ့ရုပ်(၁၄၈)၊ နတ်ရုပ်(၂၈)၊ စေတီရံ(၂၄)ဆူတည်ရှိ သည်။

အောက်ခံနှင့်အထက်ပစ္စယံအဆင့် ဆင့်စေတီကွမ်းတောင်များသည် တစ်ခု နှင့်တစ်ခု ညီညာစွာယှက်စပ်နေသည့် အတွက်အချိုးအစားပြေပြစ်လှ သည် ကိုလည်းတွေ့မြင်နိုင်သည်။ ပုဂံတွင်ရှိ သောစေတီပုထိုးများထဲတွင် အာနန္ဒာ စေတီတော်သည် လက်ရာအမြောက် ဆုံး၊ အနုအစိတ်ဆုံးဘုရားအဖြစ်နာမည်ကြီး ကျော်ကြားသည်။


အာနန္ဒဘုရားပွဲကို နှစ်စဉ် ပြာသိုလပြည့်နေ့မှ ပြာသိုလကွယ်နေ့အထိ ရက်သတ္တ(၂)ပတ်ကြာ ကျင်းပလေ့ ရှိကြသည်။ ဘုရားပွဲတော်အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်များ လာရောက်ကြသကဲ့သို့ ဈေးသည်များကလည်း ဒေသထွက်ကုန်များကို ရောင်းချကြသည်။

ရွှေစည်းခုံစေတီတော်

 

ရွှေစည်းခုံစေတီတော်

ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း၊ မိုင်ဝက်ခန့် ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။

သမိုင်း

ပုဂံပြည့်ရှင် အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမ၀ိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ၀ိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ့  ရတနာပြဿ     ဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ၀တ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော ရှင်အရဟံမထေရ်က သတ္တ၀ါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဥာဏ်ပေးခဲ့သည်။ အနော်ရထာမင်းလည်း ရှင်အရဟံမထေရ်၏ အကြံဥာဏ်မှာ အလွန်လျော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။ မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုယ်ပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။ ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့ မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ၀ပ်လေသည်။ ဆင်ဖြူတော် ၀ပ်ရာ သဲစည်းခုံတွင် စွယ်တော် မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ပြည်မှ ရသော မြဆင်းတုတော်တစ်ဆူ နှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။ ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက် တွင်ပင် အနော်ရထားမင်း နတ်ရွာစံ ခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာ၏။

ကျိုက်ထီးရိုးစေတီတော်


စေတီတော်တည်ထားပုံ

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိသည်။ 

စစ်ကဲကြီး ဦးရွှေနော် ရေးသားသော မွန်ရာဇဝင်နှင့် စေတီတော် သမိုင်းပေါင်းချုပ်အရ ဖော်ပြပေးပါမည်။

သမိုင်း

မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်ဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿ     ဓမ္မသီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿ     ကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်။ နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။ တိဿ     ဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့လေသည်။ ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။ ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု ခေါ်တွင်လာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။

ရွှေမော်ဓောဘုရား (ပဲခူး)


ရွှေမော်ဓောဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿ     န၊ မင်းသီတ၊ မရင်သိန္န၊ မဝေါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမောဓောဘုရားသည် ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ)မြို့၏ ကျက်သရေဆောင်၊ ပဲခူးနယ်တစ်ဝိုက်တွင် အထင်ရှားဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်။ ထိုဘုရားသည် ပဲခူးဒေသ၏ ဘာသာရေး သက်တမ်းတစ်လျှောက်တွင် အဓိကကျသော သာသနိကအမွေနှစ်ဖြစ်ပေသည်။

မူရင်းဘုရားသမိုင်း

ရွှေတိဂုံစေတီတော်သမိုင်းနှင့် ဆင်တူသည်။ ကုန်သည်ညီနောင်နှစ်ဦး(တဖုဿ      နှင့် ဘလိက မဟုတ်ပါ။)က မြတ်စွာဘုရားထံမှ ဆံတော်နှစ်ဆူပင့်ဆောင်လာပြီး ပဲခူးဒေသမှာ စေတီတည်ထား ဌာပနာခဲ့ကြပါသည်။ ဘုရားသမိုင်းသည် အမျိုးမျိုးကွဲပြားနေပေခဲ့သော်လည်း အများအားဖြင့် ဘိုးတော်ဘုရားလက်ထက် (၁၇၈၂-၁၈၁၉)ခုနှစ်(၁၆-၁ရရာစု) ကို အခြေခံထားပါသည်။ ကုန်သည်ညီနောင်နှစ်ဦးသည် မဟာသလနှင့် စူဠသလ (Maha-sala and Cula-sala)ဟု ဖော်ပြထားသည်။

ပဲခူးမြို့ ရွှေမောဓော စေတီတော်
မူရင်း သမိုင်းရာဇဝင်( Foundation myth)မှာ ဟင်္သာကုန်းဘက်ကိုထိုးဆင်းသွားသော အရှေ့ဘက်စောင်းတန်းမှာ တည်ရှိခဲ့သည့် မွန်နှင့် ပါဠိ ကျောက်စာတွင် ဖော်ပြထားသည်။ ထိုကျောက်စာတွင် ၁၅ ရာစုက တစ်ချိန်တည်းရေးထိုးခဲ့ပါသည်။

Donald M. Stadtner မှ သူ့၏စာတမ်းတွင် ” The earliest myth associated with the Shwemawdaw stems from completely different sources than the current legend. Our sole surviving evidence comes inthe form of two 15th-century inscriptions, one in Mon and the other in Pali,both located along the eastern stairway leading to the promontory of the Hintha Kone.” ရေးခဲ့ပါသည်။

မွန်ကျောက်စာမှာ ဂဝမ္ပတိက ကုသိနာရုံ(Kusinagara)မှ ဗုဒ္ဓအံတော်(tooth relic)တစ်ဆူကို သထုံပြည်သို့ ပင့်ဆောင်လာခဲ့ပါသည်။ ထို အံတော်ဟာ အလိုအလျောက် ၃၃ ဆူပွားလာခဲ့ပြီး သထုံဘုရင်သည် ထိုအံတော်များဖြင့် ဌာပနာပြီး စေတီ ၃၃ ဆူ တည်ခဲ့သည်။ နောက်ပိုင်းမှာ အံတော် ၃၃ ဆူကို နေရာဌာနအသီးသီးကို ပြောင်းရွှေ့ တည်ထားကိုးကွယ်ကြသည်ဟု မွန် နှင့် ပါဠိ ကျောက်စာ နှစ်ခုလုံးမှာ ဆိုထားပါသည်။ ထို ၃၃ ဆူထဲမှ တစ်ဆူသည် Madhavaဟု ပါဠိကျောက်စာမှာ ဖော်ပြထားပါသည်။ Mudhava ဟု ကလျာဏီကျောက်စာမှာ တွေ့ရှိရသည်။ နောက်ပိုင်းမှာMau Tau(မုဟ်တ´) မွန်ဘာသာဖြင့်ခေါ်ဆိုလာကြသည်။ ထိုမှတဆင့် မွန်ခရိုနစ်ကယ်(Mon chronicle) မှာ “Mohtau Pagoda” or “Muhtau Pagoda” ဟု ရေးသားဖော်ပြရာမှ ရွှေမောဓေါလို့ အမည်တွင်လာခဲ့သည်။

မွန်လူမျိုးတွေ တည်ထားကိုးကွယ်ခဲ့သော စေတီတော်များအထဲမှ ရွှေတိဂုံစေတီတော်၊ ရွှေမောဓောစေတီတော်နှင့် ကျိုက်လမိုင်း(လမိုင်းဘုရား)တို့သည်  အခြားစေတီတော်တို့ထက် ထူးခြားထင်ရှားပါသည်။ ထိုစေတီ ၃ ဆူသည် အခြေခံအားဖြင့် ပုံစံတူညီကြသည်။ သို့သော် မတူညီသည့်အချက်ကား ရွှေတိဂုံစေတီသည် ထိုစေတီ သုံးဆူ တွင် သပ္ပါယ်ဆုံး၊ ရွှေမောဓောစေတီသည် အမြင့်ဆုံး၊ ကျိုက်လမိုင်းသည် ထုအကြီးဆုံးဖြစ်သည်။ ရွှေမောဓောစေတီကို မွန်ဘာသာဖြင့် ကျာ်မုဟ်တ´(ကျိုက်မုတူး)ဟုခေါ်ဆိုကြခြင်းမှာ ရှေးအခါက မွန်အဖိုးကြီးများသည် ဆေးတံကို သောက်ကြသည်။ အဖိုးကြီး တစ်ယောက်သည် ဉာဏ်တော်မြင့်သော စေတီတော်၏ စိန်ဖူးတော်ကို ဖူးမြော်ရန် မော့ပြီးကြည့်သောအခါ ဆေးတံမှ ကျလာသောမီးပွားက သူ၏ နှာခေါင်းကို ထိပြီး ပူသောကြောင့် ကျာ်မုဟ်တ´(ကျိုက်-ဘုရား+ မုဟ်-နှာခေါင်း+တ´-လောင်သည်)ဟု ယနေ့ထိ အချို့သောမွန်လူမျိုးများက ခေါ်ဆိုနေကြဆဲပင်ဖြစ်သည်။ [၂]

တည်သည့်နှစ်

ရွှေမော်ဓောစေတီ တည်သည့်နှစ်များနှင့် ဌာပနာသည့် ပစ္စည်းအကြောင်းကို အမျိုးမျိုးဆိုကြသည်။ အချို့က ဘုရား ပရိနိဗ္ဗာန် မစံမီကပင် တည်သည်ဟု လည်းကောင်း၊ အချို့က ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တည်သည်ဟု၎င်း၊ အချို့က ဘုရားဆံတော်ကို ဌာပနာသည်ဟု၎င်း၊ အချို့က သွားတော်ကို ဌာပနာသည်ဟု ၎င်း ရေးသားကြသည်။ သို့ရာတွင် ဘုရားဒါယိကာမ ဟံသာဝတီဘုရင်မ ရှင်စောပုနှင့် သားမက်တော် ဘုရားဒါယကာ ဓမ္မစေတီမင်းတို့ ၈၂၄ ခုနှစ်တွင် ထိုးခဲ့သော မော်ဓောသမိုင်း ပါဠိကျောက်စာအရမူ သထုံမင်းစူဠ သိရိမာသောကသည် သာသနာနှစ် ၂၃၇ ခုလောက်တွင် ဘုရားရှင်၏ သွားတော်ဓာတ်ကို ဌာပနာကာ ရွှေမော်ဓော ဂန္ဓကုဋိတိုက်ကို ရှေးဦးစွာတည်ကြောင်း ထင်ရှားသည်။

ထိုတိုက်စေတီကို မဝေါစေတီဟု သမုတ်ပြီးသော် သာသနာနှစ် ၂၃၈ ခုနှစ်တွင် ရေစက်ချ လှူဒါန်းသည်။ ယင်းသို့ တည်ပြီးနောက် မော်ဓောစေတီသည် ငလျင် အကြိမ်ကြိမ် မိ၍ ပြိုကျရာ အကြိမ်ကြိမ် ပြန်တည်ခဲ့ရသည်။ ရှင်ဥယျေဓမ္မ၏ ရွှေမော်ဓောသမိုင်းနှင့် သထုံရာဇဝင်အဆိုအရ သာသနာနှစ် (၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆၀၈၊ ၆၉၇၊ ရ၇၅၊ ၈၄၃၊ ၉၃၁၊ ၁၀၀၄၊ ၁၀၇၁၊ ၁၁၅၉၊ ၁၁၉၆၊ ၁၂၈၀၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃၀၊ ၁၆၀၃၊ ၁၇၀၅၊ ၁၈၁၃၊ ၁၈၃၀၊ ၁၈၉၂) ခုနှစ်များတွင် ၂၂ ကြိမ်တိုင်တိုင် ငလျင်ကြောင့် မော်ဓောတိုက်စေတီ ပြိုလေရာ မင်းအဆက်ဆက်တို့ ပြန်လည်တင်ပေးရလေသည်။ သက္ကရာဇ် ရ၅၈ ခုနှစ်တွင် နောက် ၂၃ ကြိမ်မြောက် ပြိုပြန်လေသည်။