မဟာမုနိရုပ်ရှင်တော်ဘုရားကြီးသမိုင်း (ပုံတော်စုံ)

မဟာမုနိဘုရားကြီး သမိုင်းအကြောင်း ပုံတော်စုံ ( ဦးမောင်မောင်တင်)


မဟာမုနိ ရုပ်ရှင်တော်ကား ကမ္ဘာက လေးစားရသော သမိုင်းဝင် ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ မန္တလေးမြို့၏ ကျက်သရေဆောင် အဓိကရ ထင်ရှားသော ဘုရားတစ်ဆူလည်း ဖြစ်သည်။ မန္တလေးသို့ ရောက်သူတိုင်း မဟာမုနိ သို့ မရောက်လျှင် မန္တလေးသို့ ရောက်သည်ဟုပင် မဆိုထိုက်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြသည်။ 


မဟာမုနိရုပ်ရှင်တော်သည် မြန်မာနိုင်ငံ၌ ရှေးကျသော ရုပ်ပွားတော်ကြီးဖြစ်သည်။ ဘုရားလက်ထက်တော်၌ ဗုဒ္ဓကိုယ်တော်တိုင်က “ညီတော်မဟာမုနိ” ဟူသော ဘွဲ့ဖြင့် ခေါ်ဆိုခဲ့ကြောင်း သမိုင်းစာတမ်းတွင် တွေ့ရ သည်။ အခြားသမိုင်းစာများတွင် “ရက္ခိုက်ဘုရားကြီး” ဟူ၍ လည်းကောင်း “ရခိုင်ဘုရားကြီး” ဟူ၍ လည်း ကောင်း ရေးကြသည်။ အခေါ်အပြောလည်း ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် “ARAKAN PAGODA” ဟု ရေးသား ဖေါ်ပြကြသည်။ ပြည်သူအများက ထူးမြတ်သော မဟာမုနိ ရုပ်ရှင်တော်ကို “မဟာမြတ်မုနိ” ဘုရား ကြီးဟူ၍လည်း ခေါ်ကြသည်။

မဟာမုနိရုပ်ရှင်တော်ဘုရားကြီးသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ကိန်းအောင်းစံပယ်လျက်ရှိ သည်။ မူလတည်ရာဌာနသည်ကား ရခိုင်ပြည် ဓညဝတီမြို့ဟောင်း၏ မြောက်ဘက်တွင် ဂန္ဓကုဋိကျောင်း တော်ကြီး၌ တည်ရှိခဲ့သည်။


 
























မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ အံ့ချီးဘွယ် (၈)ဖြာ

 ၁။ မကောင်းသော ကျေးငှက် သတ္တဝါတို့သည် ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေပြသာဒ် အပေါ်သို့ လွှားကျော်     ခုန် ပျံ နားနေခြင်းငှာ မဝံ့ခြင်း။

၂။ ရုပ်ရှင်တော်မြတ်၏ ရွှေမျက်နှာတော်သည် ထွန်းပေါ်ထွက်စသော လပြည့်ဝန်းကဲ့သို့ အမြဲ ထွန်းလင်း တောက်ပ ရောင်တော်မြတ်ကို စွန့်လွှတ်တော်မူခြင်း။

၃။ မိစ္ဆာယူမှား ဒုဿိလပဂ္ဂိုလ်တို့သည် ရုပ်ရှင်တော်မြတ်အား ရှုကြည့် ဝင်ဖူးသော် သောက်ရှူးပမာရွှေမျက်နှာ တော်သည် ညိုပြာမှောင်လျက် အရောင်တော်မထွက်ဘဲ မှေးမှိန်နေခြင်း။

၄။ ရုပ်ရှင်တော်မြတ်၏ သဏ္ဍာန်တော်ကို ပုံတူဓာတ်ကူး၍ ရေးသား သွန်းလုပ်သော်လည်း ပုံတော်အတူ၊ စံတူ မရနိုင်ခြင်း။

၅။ တရားဆိုင်၊ အမှုပြိုင်၊ အနိုင်အရှုံး၊ ကျင့်သုံးမုသား၊ ကျိန်ဆိုငြားသော်၊ ဒိဌလက်ငင်း၊ ပျက်ယွင်းထိရောက် စေနိုင်သော တန်ခိုးတော် ကြီးမားခြင်း။

၆။ ရဟန်းရှင် ပြည်သူအများတို့သည် သဒ္ဓါတရား၊ တိုးပွားတက်ကြွသောကြောင့် သိန်းသောင်းမကသော ရွှေ ဆိုင်းတို့ဖြင့် ရက်ညောင်းနှစ်များ နေ့တိုင်း ကပ်လှူကြပါသော်လည်း ပြေပြစ်သန့်စင်၊ ပြည့်ဖြိုးလွင်သော ကိုယ် တော်ပကတိ ရှိခြင်း။

၇။ တစ်ဆယ့်နှစ်လ၊ မည်သည့်အခါသမယမဆို၊ ပွဲတော်အသွင် နေ့စဉ် ဘုရားဖူးလာရောက်ကြသည့် ရှင်လူ ပရိသတ်တို့ မစဲ စည်ကားလျှက်ရှိခြင်း။

၈။ တန်ခူး၊ ကဆုန် စသော သင်္ကြန်အတာ၊ ညောင်ရေခါ၌ ဝဲယာရှေ့နောက် အိုးကြီး အိုးငယ်တို့နှင့် ရေ သပ္ပာယ်ကြပါသော်လည်း ရှေ့တော်ဝယ်အပါး၌ ရေမတား၊ မတည်နိုင်သော တန်ခိုးတော်မြတ်ကြီးခြင်း တို့ ဖြစ်ပါတယ်။

မဟာမုနိသမိုင်းလင်္ကာ

သုံးဆယ့်နှစ်ပါး ထင်ရှားအရာ လက္ခဏာကြီး နေမီးသဖွယ် ရှစ်ဆယ်လက္ခဏာ ရောင်ခြောက်ဖြာနှင့် မဟာမုနိ မည်ရှိထင်ပေါ် ရုပ်တော်ကို နတ်ကျော်သိကြား သွန်းငြားသောခါ ပြီးရုံသာလျှင် မြတ်စွာဘုရား တပည့် သားနှင့် တန့်နားတုံလျှင်း သီတင်းသုံးရန်ဗိမာန်ကျောင်းကြီး ဆောက်ပြီးကပ်လှူ တောင်းဆုယူ၏။ ပြည်သူရတနာ များစွာမှူးမတ် ခြံရံပတ်လျက် မိုးနတ်သိကြားနတ်သားဝိသုကြုံ ဆောင်ဘုံမကွာ ရတနာရွှေငွေတစ် ကုဋေ ကို ရွှေပန်းတောင်းမှာ ထည့်ပြီးခါလျှင်ရတနာဆင်ဖြူ တင်တော်မူ၍ ထီးဖြူမိုးမှ ဓညဝတီ သိင်္ဂီရွှေရောင် တပြောင်ပြောင်မှ ရှေ့တောင်ရပ်ခွင် ဆောင်ယူကျင်၍ မြသွင်မှိုင်းအိ တန်ခိုးရှိသည် သီရိဂုတ်တောင် ဗွေထိပ်ခေါင် ကို ညီအောင်ပြင်ဆင် မဏ္ဍပ်ခွင်နှင့် သဘင်ထူးပြား အခြားခြားလျှင် နတ်များတန်ဆာ ဆင်ယင်ကာတည် သုဓမ္မာဇရပ် ပြာသာဒ်ဝင်းဝင်း မတူလျှင်းပဲ ထူးကဲသာယာ များစွာပဉ္ဇင်း သဘင်ခြိမ့်ခြိမ့် တသိမ့်သိမ့် လျှင် ပျော်ရွှင် မှုတ်တီး နားမငြီးသည်။ ပွဲကြီးသဘင်ထူးဆန်းတည်း။

မိုးနတ်ဗြဟ္မာ များစွာစည်းဝေး ချီးကြွေးညံညံ ကောင်းကြီးသံဖြင့် မိုးယံဘဝဂ် ဝှန်တက်ကြော်ငြာ ဇမ္ဗူချာထက် တစ်ရာထီးဆောင်း မင်းပေါင်းခြံရံ ညီလာခံလျက် စံစံပပ သူရိယစန္ဒာ ဗြဟ္မာသိကြား နတ်များညီညွတ် မှုတ်ခတ်ကျူးလွင် ပဉ္ဇင်းပြီးစီး မဏ္ဍာပ်ကြီးတွင် ရှင်တော်ကိုယ်စား ရုပ်ပွားဆင်းတု သွန်းပြုသောခါ နှစ်ကောဇာဟု တစ်ရာ့နှစ်ဆယ် စွန်းဝယ်သုံးခု ရတုဂိမ္မ နွေလကဆုန် ပူဟုန်ပြင်းစွာ ဝိသာခါနှင့် မကွာယှဉ်မှတ် ရက်မြတ် ဗုဒ္ဓ ညဦးကလျှင် စ၍သွန်းရာ ထိုအခါတွင် တေဇာတန်ခိုး တက်တိုးဝှန်ဝေ ဖြစ်စေခြင်းငှာ အဓိဌာဖြင့် မဟာပုရိသ လောကကြေးမုံ သုံးလူ့မျက်ဖျော် ရွှေကိုယ်တော်ငွေ့ လက်တော်ပွေ့လျက် ထည့်၍ကြည့်ရှု သဗ္ဗညုတ ကြပ်မသွန်းလုပ် ရုပ်တုတော်ကြီး ထိန်ညီးလျှံပြေး ကြာသာပတေးတွင် ပြီးအောင်မြင်၏ သုံးခွင်ဘုံလူ နတ်လူဗြဟ္မာ သတ္တဝါတို့ ရှုတာတည့်တည့် မျက်စိ၌တွင် ရှင်တော်ဘုရား နှစ်ပါးရည်တူ နှစ်ဆူမပျက် တစ်ပြိုင်နက်လျှင် ပွင့်သည်ထင်၏ ပြည်ရှင်မင်းများ နတ်အများနှင့် သိကြားဗြဟ္မာ ဝမ်းမြောက်ကာလျှင် များစွာပူဇော် ရွှင်ပျော်စိတ်နူး သာဓု သာဓု ခေါ်ပြုအသံ ပဲ့တင်လျှံရှင့် မိုးယံဘဝဂ် ကျော်ဝှန်တက်သည်။ အုတ်ကျက်နတ်လူသောင်းသောင်းတည်း။

[မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီးသမိုင်း ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) မှကူးယူမျှဝေခြင်း ဖြစ်ပါသည်]