ဆူးလေစေတီတော်

ဆူးလေစေတီတော်ကြီးကား ယခု ရွှေတိဂုံစေတီတော်ကြီး တည်ထားကိုးကွယ်ရန် မည်သည့်နေရာဌာနတွင် တည်ထား ကိုးကွယ် သင့်ကြောင်း ဥက္ကလာပမင်းကြီးနှင့်တကွသော ဗိုလ်ပါအပေါင်း၊ ပြည်သူအပေါင်း၊ နတ်အပေါင်း စုဝေးသော နေရာဌာနကြီးဖြစ်သောကြောင့်  'စုဝေးစေတီ' ဟု လွန်ခဲ့သော နှစ်ပေါင်း ၂,ဝဝဝ ကျော်က ခေါ်ဆိုခဲ့ကြသည် ဆို၏။

ထိုမှ 'ကျိုက်အသုက်'၊ လေးဆူနတ် ကြီးများကို ဂုဏ်ပြု၍ 'လေးဆူစေတီ'၊ 'စူဠ စေတီ'စသည်တို့ဖြင့်
ခေတ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့လေသည်ဆို၏။လွန်ခဲ့သော နှစ် ၃ဝဝ ခန့်က ဒဂုံ (ဒဂုန်)မြို့မှ ရန်ကုန်
မြို့ဟု အမည်ပြောင်းလဲခဲ့ပြီး အုပ်စိုးသူ မင်းဆက်များစွာ ပြောင်းလဲခဲ့သည့် အချိန်အထိ ဆူးလေ
စေတီသည်မြို့ပြင်ဘုရား။

ဘုရားပတ်ဝန်းကျင်တွင် ဘုန်းကြီးကျောင်းများ၊ ချောင်း၊ ကန်၊ အင်း၊ သင်္ချိုင်းများနှင့် ယာခင်းကျယ်ကြီး
များ၊ ဥယျာဉ်ခြံမြေများဖြင့် ဝန်းရံနေခဲ့သည်။ ထို့ပြင် ဘုရားကို ရေများ ပတ်လည်ဝိုင်းလျက်ရှိခဲ့သည်
ဟူ၏။ထိုမှနယ်ချဲ့အင်္ဂလိပ်တို့ ၁၈၅၂ ခုနှစ်၌ ကျွန်တော်တို့နိုင်ငံကို စစ်နိုင်ခဲ့၍ အုပ်စိုးခဲ့ချိန်တွင်
ရန်ကုန်မြို့သစ်ကြီး စီမံကိန်းကို စတင်ခဲ့သည်ဆို၏။ ထိုစီမံကိန်းနှင့်အတူ ဆူးလေဘုရားသည်
အဓိကအချက်အချာနေရာကြီးတစ်ခုဖြစ်လာခဲ့သည်။ ထို့နောက် ဗြိတိသျှအစိုးရ၏ မြန်မာတစ်နိုင်ငံလုံး
ကို သိမ်းယူခဲ့၍ ၁၈၈၆ ခုနှစ်၌ ကိုလိုနီနိုင်ငံအဖြစ် ကြေညာခြင်းခံခဲ့ရသည်။

ရန်ကုန်မြို့ကိုလည်း မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်ဆို၏။ကိုလိုနီခေတ် ကော်မရှင်နာ
မင်းကြီး ဆာ အာသာဖယ်ယာသည် ရန်ကုန်မြို့ကြီးကို ခေတ်မီမြို့သစ်ကြီး တည်ဆောက်ရန်
အမိန့်ခံယူခဲ့ပြီး စစ်အင်ဂျင်နီယာတပ်မှ လက်ဖတင်နင် ဖရေဇာကို တာဝန်ပေးခဲ့သည်ဆို၏။

မျိုးမတူ ဘာသာခြားတို့ခေတ်၊ အုပ်စိုးချိန် ဖြစ်သောကြောင့် ထိုကာလတွင် ဘုန်းကြီး ကျောင်းပေါင်း
၅ဝ ကျော်ကို ဖျက်၍ ယခုသရက်တောကျောင်းတိုက်နေရာသို့ ပို့ပစ်ခဲ့သည်။ ထို့ပြင် ဘုရားစေတီ
ပုထိုးငယ်ပေါင်း ထောင်နှင့်ချီ၍ ဖျက်ဆီးပစ်ခဲ့သည်ဟူ၏။ သင်္ချိုင်းပေါင်းများစွာ ဖြိုဖျက်ပစ်၏။ ယခုသိမ်
ကြီးဈေးနေရာတွင်ကား 'ကျိုက်မြတ်သံချို' စေတီတော်ကြီးကိုပင် ဖျက်ပစ်ခဲ့ကြသည် ဆို၏။

(ထိုဘုရားကြီးမှာ ယခုနောင်တော် ကြီးစေတီထက်ပင် ဥာဏ်တော်မြင့်သည်။)ထိုကာလ၌
ဆူးလေစေတီတော်ကြီးကိုလည်း ဖြိုဖျက်ရန် ကြံစည်ခဲ့ချိန်တွင် ထိုစဉ် က ရန်ကုန်မြို့တော်၏
သမာဓိမြို့လူကြီးများကို စစ်ကဲမောင်ထော်လေးက ဦးဆောင်၍ ဗြိတိသျှနိုင်ငံ၊ လန်ဒန်မြို့ရှိ၊
ဝိတိုရိယဘုရင်မကြီးထံ တောင်းပန်လွှာပေးပို့ခဲ့သည်ဆို၏။

ထိုအခါမှ 'ထူပါစေတီကို မတူးဖြို မဖျက်ဆီး ရ၊ ဆူးလေကုန်းတော်ကို ကွေ့ပတ်၍ သွားရမည်'
ဟူသော အမိန့်စာရောက်ရှိခဲ့၍ ဖျက်ဆီး ခြင်းမခံရတော့ပေဟူ၏။ထိုမှ ဆူးလေဘုရားကို
ဗဟိုပြု၍ ရန်ကုန် မြို့ကွက်သစ်ကြီးကို မြေဖို့၊ မြေညှိ၊ အကွက် ဖော်၍ ရပ်ကွက်များ၊ မြို့နယ်များ၊
ရုံးကြီးများနှင့် စတင်ခဲ့ရာ များစွာ စည်ကားခဲ့လေသည်။

ထို့ပြင် ဆူးလေစေတီတော်ကြီးကို ဗဟိုပြု၍ ရန်ကုန်မြို့တွင်း၊ မြို့ပြင်သာမက မြန်မာတစ်နိုင်ငံလုံး
သို့လည်းရန်ကုန်မြို့နှင့် မိုင်မည်မျှ ကွာဝေးသည်ဆိုသော အတိုင်းအတာဆုံမှတ် အဓိကစေတီကြီး
ဖြစ်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခါနီး အချိန် များတွင် ဆူးလေစေတီတော်ကြီးနှင့်
ဆူးလေ လမ်းမကြီးသည် အထူးစည်ကားခဲ့သည်။


သမိုင်းကြောင်း

သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။ သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ ကျိုက် - ဘုရား၊ အသုတ် - အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီး ဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်၏။

သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင်တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် “စုဝေးစေတီ”ဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြ၏။ ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေးနေရာ၌တည်ထားသောကြောင့် “လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ” ဟုခေါ်တွင်သည်ဆိုကြ၏။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော် ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်း သည့်တာ (၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့် တွင်တည်သည်ကမူအမှန်ပင်။

ဆူးလေစေတီတော်၏ ပရိဝှုဏ် အကျယ်အ၀န်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ (၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။ ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ ငှက်ပျောဖူး အထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။ အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြ၏။ ပန်းတင်ခုံ၊ ဖိနပ်ခုံ၊ ရှစ်ထောင့်မှာ မဂ်္ဂင် တရား ရှစ်ပါးအားရည်မှန်းခြင်းဖြစ်၏။ ကြာဝန်းသုံးရစ်ပါရှိရာ ရတနာသုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင်၏။ ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ ကျင့်စဉ်ဖြူစင်သည့် ဘ၀ကိုရည်မှန်းခြင်းဖြစ်၏။ ဖောင်းရစ်ကိုးရစ် ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအား ရည်မှန်းခြင်းဖြစ်၏။ ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့်စင်မွန်မြတ်ခြင်းဟု လောကုတ္တရာ တရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ် ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များ တင်စားခဲ့သည်ဟု ဆိုရမည်ဖြစ်၏။



သိဖွယ်မှတ်ဖွယ်များ

ဆူးလေစေတီတော်သည် အလောင်းမင်းတရားကြီး ရာမညတိုင်းအား သိမ်းပိုက်စဉ် ဒဂုံမြို့သို့ ၀င်ရောက်နားတော် မူသည့်အခါ ဒဂုံမြို့သည် ယာတောမြေအဖြစ်ရောက်နေပြီဆိုရမည်။ အလောင်းမင်းတရားကြီးသည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အား ဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား ““ရန်ကုန်မြို့””ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့၏။ အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အ၀န်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်ဝန်း၏။ ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ် ကျုံး၊ မြောင်၊ တံခါး၊ ပြအိုး စသော မြို့အင်္ဂါနှင့် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အ၀န်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင်ဖြစ်၏။

ထိုစဉ်က ဆူးလေစေတီတော်သည် သစ်တပ်မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။ ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာရှိသော်လည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် ခဲ့သည်အလျှောက် လူဦးရေတိုးတက်လာသည့် အလျှောက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသဖြစ်လာခဲ့၏။ မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ ရွှေဘိုမင်း(ခ) ဟံသာဝတီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သို့ ကြည်းကြောင်းရေကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။ ထိုစဉ်က ရွှေဘို(ခေါ်) သာယာဝတီမင်းနှင့် အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။ ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေ၏။ ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆို၏။

ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် ရေလယ်ကျွန်း ဖြစ်နေသည်။ ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။ ရေလယ်ကျောင်းများ ယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်းဟု ခေါ်ခဲ့ပြီးနောင်တွင် ဆူးလေဘုရားလမ်းဟု တွင်ခဲ့၏။ ကျောက်တံတားလမ်း ဟု ခေါ်လည်းရှိ၏။ ထိုစဉ်က ဆူးလေစေတီတော်၏ အနောက်တောင်ဘက် မနီးမဝေးတွင် ကျိုက်မဲ သံကရော(ခေါ်) ကျိုက်မြတ်သံချို စေတီနှင့် ရဟန္တာသိမ်တော်ကြီးလည်းရှိသဖြင့် ဘုရားဖူးများ စည်ကား နေသည်ဟုဆို၏။

အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။ ထို့အတူ ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာကာမြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများအား ဖြိုဖျက်ခဲ့သည်။ မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအား ဖြိုဖျက်ရန် ကြိုးပန်းကြ၏။ အာဏာပိုင်တို့အား ဆူးလေစေတီသည် လမ်းဆုံလမ်းခွတွင်ရှိသည့် စေတီဖြစ်သဖြင့် ဖြိုဖျက်သင့်သည်ဟု တင်ပြကြ၏။

သို့သော် အင်္ဂလန်တွင်ရှိသည့် ၀ိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ၀တ်္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။ မြေညှိပြီး ၀တ္တကမြေကို မြို့သစ်အတွင်းထည့်ခဲ့၏။ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။ နယ်ချဲ့အာဏာပိုင်များ၏ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှု ကြောင့်   ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမ စသည့်အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။

ဆူးလေဘိုးဘိုးကြီး သမိုင်း
ဤဘဒ္ဒကမ္ဘာတွင် ပွင့်ခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် ““လေးဆူနတ်ကြီး”” ဟု သမိုင်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထားကိုးကွယ်ရန် နေရာဖြစ်သည့် သိင်္ဂုတ္တရကုန်းမြေအား ညွှန်ပြပေးခဲ့သည့် ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်၏။ ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံခဲ့ရသည်။ ယုံကြည်မှုလွန်ကဲသည့် မြန်မာလူမျိုးများသည် ယုံကြည်မှုနှင့်အတူ အားကိုးအားထား ပြုခဲ့သည်လည်း ရှိသည်။ လုပ်ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊ လေးဆူနတ်ကြီးအား ပသပူဇော် အဓိဋ္ဌာန် ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့် သာဓကများရှိခဲ့သည် ဟု ဆို၏။

ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင် နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ရှေးသူဟောင်းတို့ စကားလည်းရှိ၏။ အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့လယ် အား ပိုင်သူဟု ဆို၏။ အဓိဋ္ဌာန်နှင့် လုပ်ငန်းလုပ်၍ အောင်မြင်လျှင် တတ်နိုင်လျှင် တတ်နိုင်သလောက် ၀တ်လဲတော် ပုဆိုး၊ အင်္ကျီပုဝါမှ အစ ငွေအသပြာတတ်နိုင်သ၍ ပူဇော်ကြသည်။ လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီး ကောင်းမှု ကောင်းကျိုးပြုသူဟုလည်း ဆို၏။ လူအများသည် လေးဆူနတ်ကြီးသည် လူအများ၏ အပူဇော်ခံ ဘ၀သို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီး နေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထား ကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအား သီးခြား နန်းပြုလုပ်၍ ပူဇော်ကြ၏။

“လေးဆူနတ်ကြီး” အား ဆူးလေစေတီတော် အတွင်း၌ သီးခြားနန်းတည် ကိုးကွယ်၍ ကာလရှည်ကြာ ကိုးကွယ်မှုကြာလာသည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအား ဆူးလေ စေတီတော်အား အစွဲပြု၍ ““ဆူးလေဘိုးဘိုး ကြီး”” ဟု ခေါ်တွင်လာခဲ့ကြသည်။ စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့သော်လည်း သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်ဖြစ်သည်။

ရှေးသူဟောင်း အချို့က သူတော်စင်နတ်ဟုခေါ်၏။ မကောင်းသူပယ်၊ ကောင်းသူကယ်၏။ သာသနာအတွက် ဘ၀နာတရားကိုးစားသူဟုဆို၏။ ကောင်းမှုကောင်းကျိုးပြုသူများ၊ ဘာသာ သာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။ ဆူးလေဘိုးဘိုးကြီး ၏ နန်းထိမ်းတစ်ဦးက ဆူးလေဘိုးဘိုးကြီးအား ““သက်တော်ရှည် သူတော်စင် နတ်မင်းကြီးတစ်ပါးပဲ၊ ဆူးလေ ဘိုးဘိုးကြီးဟာ ရန်ကုန်မြို့လယ်ကို ပိုင်စိုးထိမ်းသမ်းထားသူ လည်းဖြစ်တယ်။ မြို့လည်တစ်ဝိုက်မှာ လုပ်ငန်းလုပ်သူတွေ၊ အားကိုးအားထားပြု တိုင်တည်အလုပ်လုပ်ရင်း အများကြီး အောင်မြင် ထမြောက်နိုင်တယ်”” ဟုဆို၏။ ထို့အတူ နန်းထိမ်းဟောင်း ကြီးက ဆူးလေဘိုးဘိုးကြီးဟာ ဘာသာသာသနာအတွက် စောင့်ထိန်းသူဖြစ်လို့ ဘာသာသာသနာ အကျိုးပြုသူတွေကို ပိုပြီး စောင်မကြည့်ရှုတယ်။ ဆူးလေဘိုးဘိုးကြီးကို တိုင်တည်အလုပ် လုပ်သူဟာ ကံငါးပါးလုံခြုံရမယ် ဟုဆို၏။