ထင်ရှားကျော်ကြား စေတီပုထိုးနှင့် ရှေးဟောင်း အမွေအနှစ်များ တည်ရှိရာ ရာမညမြေ

(စိုးစိုးနိုင်ကြေးမုံ)


မြန်မာနိုင်ငံတောင်ဘက်ရှိ မွန်ပြည်နယ်တွင် ထင်ရှားကျော်ကြားသည့် စေတီပုထိုးများ၊ ရှေးဟောင်းအမွေအနှစ်များ၊ သဘာဝပတ်ဝန်းကျင်ရှုခင်းများ၊ တိုင်းရင်းသားလူမျိုးများ၏ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း၍ ရှေးမူမပျက်နေထိုင်ကြသောကျေးရွာများရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် ပြည်တွင်းဘုရားဖူးဧည့်သည်နှင့် နိုင်ငံခြားခရီးသွားဧည့်သည်
အများဆုံးလာရောက်သော ဒေသတစ်ခုဖြစ်သည်။ မွန်ပြည်နယ်မြို့တော် မော်လမြိုင်သည် ရန်ကုန်မြို့မှ ၁၈၇ မိုင်ခန့် ကွာဝေးပြီး ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းအတိုင်း သွားနိုင်သည်။ ပဲခူးတိုင်းဒေသကြီးရှိ စစ်တောင်းတံတား ကျော်လွန်သည်နှင့် မွန်တို့ ဌာနေ ရာမညမြေနယ်စပ်အတွင်း စတင်ဝင်ရောက်လာသည်။

ရန်ကုန်မြို့မှ မိုင် ၁၂ဝ ခန့်သွားပြီးသောအခါ ကျိုက်ထိုမြို့သို့ရောက်ရှိမည်ဖြစ်ရာ မွန်ပြည်နယ်၏  အထင်ကရနေရာတစ်ခုဖြစ်သော ထူးခြားအံ့ဖွယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်နိုင်သည်။ ကျိုက်ထိုမြို့မှ ကိုးမိုင်ဝေးသော ကျိုက်ထီးရိုးစေတီတောင်ခြေရှိ ကင်ပွန်းစခန်းမှ တောင်ပေါ်သို့ ကားဖြင့် ကိုးမိုင်ခန့်နှင့် ခြေကျင်ဖြင့်  ၇ မိုင် ၇ ဖာလုံ အကွာအဝေးတက်ရပါမည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သည် မတ်စောက်သော ကျောက်ဆောင်ကြီးပေါ်တွင် ချောက်ကမ်းပါးဘက်သို့ ငါးပေခန့် အစွန်းထွက်နေသည့် ရသေ့၏ဦးခေါင်းနှင့်တူသောကျောက်တုံးအပေါ်၌ တည်ထားသည်မှာ ထူးခြားအံ့ဖွယ်ကောင်းလှသည်။ ကျိုက်ထီးရိုးစေတီသည် ကျိုက်ထိုမြို့နယ် အမြင့် ၃၆၁၅ ပေရှိသော ပေါင်းလောင်းတောင်ထိပ်ပေါ်တွင် တည်ရှိသည်။

ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ရောက်တော်မူပြီး ရှစ်ဝါမြောက်တွင် ဂဝံပတိရဟန္တာမြတ်၏ တောင်းပန်ချက်အရ သုဝဏ္ဏဘူမိ သထုံပြည်သို့ ဒေသစာရီကြွချီခဲ့စဉ် မြတ်စွာဘုရားရှင်က သာသနာအရှည် တည်တံ့ရေးမြော်မြင်ပြီး ဆံတော်များပေးသနားရာတွင် ကျိုက်ထီးရိုးတောင်တော်မှ တိဿရသေ့ကြီးလည်း ရရှိခဲ့သည်။ တိဿရသေ့ကြီးသည် ဆံတော်ကို  ဦးခေါင်းထက်ဆံကျစ်ကြားတွင် ကိုးကွယ်ထားရှိရာမှ ပျံလွန်တော်မူခါနီးအချိန်၌ စေတီတည်ထားကိုးကွယ်ရန် အကြံတော်ဖြစ်ပေါ်ခဲ့သည်ကို သိကြားမင်းသိရှိတော်မူပြီး တိဿရသေ့ကြီး၏ ဦးခေါင်းနှင့်တူသော အမြင့်ပေ ၂၆ ဒသမ ၇၅ ပေ၊ လုံးပတ် ၈၄ ပေ၊ အလေးချိန် ၆၁၁ ဒသမ ၄၅ တန်ချိန်ရှိသည့်  ဂရင်းနိုက်ကျောက်တုံးကြီးကို သမုဒ္ဒရာကြမ်းပြင်အောက်မှ ဆယ်ယူ၍ ကျိုက်ထီးရိုးတောင်တော်ရှိလုံးပတ် ၅၅ တောင် ၁ မိုက်၊ အမြင့် ၈၃ တောင်ရှိသောကျောက်တောင်ထိပ်တွင် ကြက်မ တစ်ဝပ်စာလွတ်၍ တင်လှူပေးခဲ့သည်။ တိဿရသေ့ကြီးသည် ဆံတော်များကို ရတနာမြကြုပ်တွင်ထည့်သွင်းပြီး ကျောက်တုံးတော်ကြီး၏ အထက်အလယ်ဗဟို၌ အနက် ၃ တောင် ၁ မိုက်၊ အဝ ခြောက်လက်မရှိသော တွင်းတော်တွင် ဌာပနာ၍ မဟာသက္ကရာဇ် ၁၁၈၃ ခုနှစ်တွင် ကျိုက်ထီးရိုးစေတီကို စတင်တည်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
ကျိုက်ထီးရိုးစေတီရင်ပြင်တော်မှ မြောက်ဘက်နှစ်ဖာလုံအကွာရှိ မုဆိုးတောင်၊ ၎င်းမှ လေးဖာလုံအကွာရှိ ကျောက်ဆီယိုစေတီ၊ ကျောက်လှုပ်စေတီအလွန် သုံးဖာလုံခန့်ဝေးသော နဂါးစေတီနှင့် ဖားစေတီ၊ ၎င်းတို့မှ နှစ်ဖာလုံခန့်ဝေးသော ကျောက်ထပ်စေတီနှင့်  ကျိုက်ထီးရိုးစေတီ၏ အနောက်ဘက် သုံးဖာလုံခန့်ဝေးသော ကျီးကန်းပါးစပ်ဂူတို့ကိုလည်း ဖူးမြော်နိုင်သည်။

ကျိုက်ထီးရိုးမှအပြန်ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလော(မှဲ့ရှင်တော်ဘုရား)ကို ဖူးမြော်နိုင်သည်။ သမိုင်းအဆိုအရ သီဟိုဠ်ကျွန်း၌ စိုးစံတော်မူသော ဒေဝါနံပီယတိဿမင်းကြီးသည် မြတ်စွာဘုရားရှင်ကို သက်တော်ထင်ရှား မဖူးလိုက်ရသူများအတွက် ကြည်ညိုနိုင်ရန် ရုပ်ပွားတော်လေးဆူကို ကျွန်းတုံးဖောင်၊ သင်္ကန်းတုံးဖောင်၊ ပိန္နဲ တုံးဖောင်နှင့် ကျောက်လှည်းဘီးဖောင်တို့ဖြင့်တင်ကာ သမုဒ္ဒရာအတွင်းသို့ အဓိဋ္ဌာန်ပြု မျှောလွှတ်တော်မူသည်။ 
ကျွန်းတုံးဖောင်ဖြင့်မျောလာသော ရုပ်ပွားတော်သည် ပုသိမ်ကမ်းခြေသို့ဆိုက်ရောက်ပြီး ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်၏ အာရုံခံတန်ဆောင်းတစ်ခုအတွင်း ''သီဟိုဠ်ရှင်ဘုန်းတော်ပြည့်ဘုရား'' ဘွဲ့တော်ဖြင့် လည်းကောင်း၊ သင်္ကန်းတုံးဖောင်ဖြင့်မျောလာသော ရုပ်ပွားတော်သည် ထားဝယ်မြို့သို့ရောက်ရှိပြီး ''ရှင်မုတ္ထီး'' ဘွဲ့တော်ဖြင့်လည်းကောင်း၊ ပိန္နဲတုံးဖောင်ဖြင့်မျောလာသော ရုပ်ပွားတော်တစ်ဆူသည် ကျိုက္ခမီကမ်းခြေသို့ ဆိုက်ရောက်ပြီး ''ကျိုက္ခမီရေလယ်ဘုရား'' ဘွဲ့တော်ဖြင့်လည်းကောင်း၊ ကျောက်လှည်းဘီးဖောင်ဖြင့် မျောလာသော ရုပ်ပွားတော်သည် ကျိုက်ထိုမြို့သို့ရောက်ရှိပြီး ''ကျိုက်ပေါ
လော''ဘွဲ့တော်ဖြင့်လည်းကောင်း ထင်ရှားသည်။ ဘွဲ့တော်ကို မူလက ကျိုက်ပေါလောဘုရား၊ နောင်သော် ပကတိမျက်စိကဲ့သို့ ကြည်လင်တောက်ပသော မျက်လုံးတော်ကိုအစွဲပြု၍ ကျိုက်ပေါလောမျက်ရှင်တော်ဘုရား၊ ယခုအခါ လက်ယာဘက်  နားထင်ပေါ်တွင်ရှိသော မှဲ့တော်ကိုအစွဲပြု၍ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားဟူ၍ ပူဇော်ကြသည်။

ကျိုက်ထိုမြို့ရှိ  ဘုရားများ  ဖူးမြော်ပြီးသောအခါဘီးလင်းမြို့ တောင်စွန်းကျေးရွာ ကေလာသတောင်တော်တွင် တည်ထားသော  ကေလာသဆံတော်ရှင် ဘုရား၊ ဇုတ်သုတ်ကျေးရွာတွင် ကျိုက်ထီးဆောင်းဘုရား၊ သမိုင်းဝင် ဂဝံကျောက်ရုပ်တုများ၊ မဲလံတောင်တော်ရှိ မဲလံဆံတော်ရှင်၊ ကျောက်ပိဘုရားနှင့်ကျောက်တံခါး စေတီ၊ ကုသိနာရုံဆံတော်ရှင် စေတီတော်များကိုလည်း ဖူးမြော်နိုင်သည်။

မဲလံဆံတော်ရှင်စေတီတော်သည်  ဘီးလင်းမြို့မှ ဖာပွန်မြို့သို့သွားသည့် ကားလမ်းအတိုင်း ၁၄ မိုင် ၄ ဖာလုံအကွာ ပေ ၈၆ဝ မြင့်သော နာဂ ပပ်ပတတောင်ထွတ်ဖျားတွင်တည်ထားသည်။ တောင်ခြေမှ ဂဝံအုတ်လမ်း
ဖြင့် ခြေကျင်တက်ရောက်နိုင်ပြီး အကျယ် ၁၃ ပေရှိ ကွန်ကရစ်လမ်းမှ တောင်တက်ကားများဖြင့် လွယ်ကူစွာဖူးမြော်နိုင်သည်။ မဲလံဆံတော်ရှင်စေတီသည် ကျောက်တုံးကြီးပေါ်တွင် ကျောက်တုံးငယ်ဆင့်ကာ တည်ထားသောစေတီဖြစ်ပြီး ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ချီးမြှင့်ခဲ့သောဆံတော်ကို ဌာပနာထားသည်ဟု သိရသည်။  ထို့ပြင် ဆံတော်ရှင်စေတီတွင် ချိတ်ဆွဲထားသော ၁၂၅၉ ခုနှစ်က သွန်းလုပ်ထားသည့် ခေါင်းလောင်း တော်ကြီး၊ ခေါင်းလောင်းတော်ကြီးပေါင်းကိုင်းမှ ဗိသုကာလက်ရာများနှင့် ရှေးဟောင်းအုတ်ချပ်များကိုလည်း လေ့လာနိုင်သည်။

ဘီးလင်းမြို့မှတစ်ဆင့်၂၅ မိုင်ဝေးသော သထုံမြို့ရှိ ရွှေစာရံဘုရားနှင့် စေတီတော်ပရိဝုဏ်အတွင်း ကျောက်စာချပ်များ၊ မြသပိတ်စေတီတော်၊ နေမိန္ဒရတောင်၊ အလံတစ်ရာစေတီ၊ နှီးဘုရားနှင့် မဟာမြတ်မုနိဘုရားများ
ကိုလည်းကောင်း၊ ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန်နှင့်ဇင်းကျိုက်ဘုရား၊ ကျောက်သင်္ဘောစေတီ၊ မဟာဗောဓိစေတီ၊ နွားလပို့တောင်တော်ရှိ ဗန္ဓိသေလာ ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်၊ မုတ္တမတောင်တန်းပေါ်ရှိ ကျိုက်ဖျင်းကူစေတီများကိုလည်းကောင်း ဖူးမြော်နိုင်သည်။

ဗန္ဓိသေလာဆံတော်ရှင်စေတီသည် အမြင့် ၁၈၈၈ ပေရှိသော နွားလပို့တောင်ပေါ်တွင် တည်ရှိပြီး ဥာဏ်တော်ကိုးတောင်မြင့်သည်။ ကျောက်တုံးသုံးလုံးအဆင့်ဆင့်ထက်တွင် တည်ထားကိုးကွယ်ခြင်းဖြစ်ရာ အလွန်ထူးခြားလှပေသည်။ အပေါ်ကျောက်တုံး အမြင့် ၈ ဒသမ ၂၅ ပေနှင့် ကျောက်တုံးလုံးပတ် ၂၅ ဒသမ ၅ ပေ၊ အလယ် ကျောက်တုံးအမြင့် ၁ဝ ဒသမ ၅ ပေနှင့် ကျောက်တုံးလုံးပတ် ၄၂ ဒသမ ၇၅ ပေ၊ အောက်ခံကျောက်တုံး အမြင့်  ၇ ဒသမ ၅ ပေနှင့် ကျောက်တုံးလုံးပတ် ၅၂ ဒသမ ၅ ပေရှိသည်။ နွားလပို့တောင်ဆုတောင်းပြည့် စေတီတော်ကိုကျိုက်ထီးရိုးစေတီအား တည်ခဲ့သည့် ရှင်တိဿရသေ့ကပင်တည်ခဲ့သည်။ မူလဘွဲ့တော်မှာ ဗန္ဓိသေလာ(ကျောက်များဆက်ထားသော ဘုရား)ဟူ၍ဖြစ်ပြီး ကရင်တိုင်းရင်းသားများက လုံးထိုဖို(ကျောက်တုံးဘုရား)ဟူ၍ ခေါ်ဆိုကြသည်။ပေါင်မြို့မှ ၁ဝ မိုင်ဝေးသော ထန်းပင်
ချောင်ကျေးရွာ အလှပ်ဒေသနှင့် ခင်တန်းရွာ ချောင်းနှုတ်ခမ်းအနီး ကမ်းခြေရှိ ငှက်ကောင်ရေ တစ်သောင်းကျော် ကျက်စားနေထိုင်ကြသည့် သဘာဝ ကျေးငှက်ပြတိုက်နှစ်ခုတို့ကိုလည်း လေ့လာကြည့်ရှုနိုင်သည်။ 
သထုံခရိုင်အတွင်းရှိ မြို့နယ်များမှ တန်ခိုးကြီးဘုရားများနှင့် သမိုင်းဝင်နေရာများ၊ ရှေးဟောင်းအမွေအနှစ် များ၊ သဘာဝပတ်ဝန်းကျင်ရှုခင်းများကို လှည့်လည်ဖူးမြော်ကြည့်ရှုပြီးလျှင် မော်လမြိုင်မြို့သို့ မြန်မာနိုင်ငံ၏ အရှည်ဆုံးသံလွင်တံတား(မော်လမြိုင်)ကို ဖြတ်၍ခရီးဆက်နိုင်သည်။မော်လမြိုင်မြို့ တောင်ဝိုင်းရပ် မော်လမြိုင် လေဆိပ်အနီး တောင်ညိုတောင်တန်းပေါ်ရှိ မြတ်စွာဘုရားရှင် ရဟန္တာ ၅ဝဝ တို့ကို ဖူးမြော်နိုင်ပြီး ကျိုက်သလ္လံ စေတီ၊ ဦးဇိနစေတီ၊ ကျိုက်သုတ်စေတီ၊ ပန်းရံပျံဝတ်ကျောင်း၊ မန်းကျီးတောရွှေကျောင်း၊ ရတနာဘုံမြင့်ကျောင်း၊ မော်လမြိုင်-မုဒုံ ကားလမ်းပေါ်ရှိ နိုင်ငံခြားသားအများဆုံးလာရောက်၍ တရားအားထုတ်ကြသည့် ဖားအောက် တောရဘုန်းကြီးကျောင်းနှင့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားတစ်ဆူဖြစ်သော ဝင်းစိန်တောရရှိ ဇိနသုခ ရန်အောင်ချမ်းသာလျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးတို့ကိုလည်း ဖူးမြော်နိုင်သည်။
လျောင်းတော်မူရုပ်ပွားတော်သည် မော်လမြိုင်မြို့မှ ၁၄ မိုင်အကွာတွင် တည်ရှိပြီး အလျား ပေ ၆ဝဝ၊ အမြင့်ပေ ၁ဝဝ ရှိသည်။ ဘုရားဖူးများသည် ရုပ်ပွားတော်၏ အထက်အဆင့်ဆင့်သို့ ဝင်ရောက်ပြီး ဘုရား၏ နံရံပေါ်
တွင် ဗုဒ္ဓဖြစ်စဉ်တော်များ၊ ဇာတ်နိပါတ်တော်များနှင့် ငရဲခန်းများကို သရုပ်ဖော်ပြသထားသည်များကို ကြည့်ရှုလေ့လာနိုင်သည်။

မော်လမြိုင်မြို့မှ ၁၂ မိုင်ခန့်ဝေးသော ကျိုက်မရောမြို့တွင် မွန်ဘုရင်မကြီး ရှင်စောပုမှ ပြန်လည်တည်ထား ကိုးကွယ်ခဲ့သည့် ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီးရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ အလွန်တွေ့ရခဲသော ခြေနှစ်ဖက်ချ ပုံစံဖြစ်သည်။ ကျိုက်မရောမြို့ဝင် လမ်းဘေးဝဲယာတွင် သာယာလှသည့် ထန်းပင်တန်းများနှင့် ကျိုက်မရော မြို့နယ်အတွင်းရှိ ခရုံဂူ၊ ဖားဘောင်ဂူ၊ မရမ်း
ဂူ၊ ရေပူကန်များနှင့် ဒေါင်းဒင်အင်း စသည့်နေရာများကို သွားနိုင်သည်။
ဖားဘောင်ဂူသည် မော်လမြိုင်မြို့မှ မိုင် ၃ဝ အကွာ ကျိုက်မရောမြို့နယ်တွင်ရှိသည်။ ကျိုက်မရောမြို့မှ ခရုံဂူသွားရာလမ်းအတိုင်း ဝင်လာပြီး တရနာကျွန်းကုန်းရွာမှ ဝါးပြန်ကုန်းရွာထိ တစ်နာရီခန့်သွားလျှင် ရောက်ပါသည်။ ဂူဝတွင် ဘုရားဆင်းတုတော်များတည်ထားပြီး လိုဏ်ဂူအတွင်းလေ့လာရန် ပုဂံဂူ၊ နန်းတော်ဂူ၊ ဟင်္သာ ဂူ၊ ငါးဂူနှင့် ဇော်ဂျီဂူ ဟူ၍ အပိုင်းငါးပိုင်းခွဲထားသည်။

ပုဂံဂူနှင့် နန်းတော်ဂူကို ပေ ၂ဝ ခန့် လှေကားဖြင့် တက်ရပြီး ဟင်္သာဂူကို ကျောက်တုံးများအပေါ်မှတက်၍ ဆင်း၍သွားရသည်။ ငါးဂူသည် အရှည်ဆုံးနှင့် အကြီးဆုံးဂူဖြစ်သည်။ ဂူအတွင်း ကျောက်များသည် ကြွေကျောက်များဖြစ်ပြီး ငါးများရှိသည့် ရေအိုင်ကိုလည်းတွေ့ရသည်။ မိုးတွင်းအခါ ဆဒ္ဒန်ဂူကဲ့သို့ လှေဖြင့်သွားရသည်။ အဝင်ဝမှ ဆင်းတုတော်များ၏ အနောက်ဘက်ရှိ 
လိုဏ်ဂူကြီးသည် ပေ ၁ဝဝ ခန့် မြင့်သည်။ တစ်ဂူလုံးစိုစွတ်ပြီး ညွန်များနှင့်ချောနေသဖြင့် ဂရုတစိုက်သွားရမည် ဖြစ်သည်။
ထိုမှတစ်ဆင့် မော်လမြိုင်မြို့မှ မိုင် ၄ဝ ကွာဝေးသော သံဖြူဇရပ်မြို့ရှိ ဂျပန်ခေတ် သေမင်းတမန်မီးရထား လမ်း၊ မဟာမိတ်ဓနသဟာရ စစ်သင်္ချိုင်း၊ ဝါးခရူမြို့ဟောင်း၊ စက်စဲကမ်းခြေနှင့် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဘုရားတို့မှာလည်း ထင်ရှားလှသည်။
ဆံတော်ရှင်ကျိုက္ခမီရေလယ်ဘုရားသည် မော်လမြိုင်မြို့ တောင်ဘက် ၅၅ မိုင်အကွာ ကျိုက္ခမီမြို့ အနောက် ဘက် ပင်လယ်ကမ်းခြေသဲသောင်ပြင်ထက်တွင် တည်ရှိသည်။ကျိုက္ခမီရေလယ်ဘုရားတွင် ဗုဒ္ဓရုပ်ပွားတော်သည် ဥာဏ်တော်နှစ်တောင်ခန့်ရှိပြီး နဂါးမင်းပါးပျဉ်းဖြင့်ထက်ဝယ်ဖွဲ့ခွေနေတော်မူသော ရုပ်ပွားတော်ကို အုပ်မိုးပူဇော်နေဟန်ဖြစ်သည်။
အပေါ်ဆင့်တွင် ဗုဒ္ဓရုပ်ပွားတော် ရှစ်ဆူဝန်းရံထားပြီး အောက်အဆင့်တွင် ဗုဒ္ဓရုပ်ပွားတော်  ၁၂ ဆူ ဝန်းရံတည်ထားသော ဆံတော်ရှင်စေတီတစ်ဆူဖြစ်သည်။မော်လမြိုင်-ကျိုက္ခမီကားလမ်းရှိ သံဖြူဇရပ်အလွန် စက်စဲလမ်းခွဲမှ ငါးမိုင်ခန့်အကွာ ပင်လယ်ကမ်းခြေတစ်ခုရှိပြီး စက်စဲပင်လယ်ရေချိုးဆိပ်တစ်ခုအဖြစ် ထင်ရှားသည်။ စက်စဲကမ်းခြေမှ ကျိုက္ခမီရေလယ်ဘုရားကို ဖူးမြော်နိုင်သည်။ 
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ဖောက်လုပ်ခဲ့သောသေမင်းတမန်ရထားလမ်းကို ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ ၁၉၄၃ ခုနှစ် အောက်တိုဘာလအထိ ဖောက်လုပ်ခဲ့ပြီး  မြန်မာနိုင်ငံ သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူ တောင်ကြားကို ဖြတ်လျက် ကွေးမြစ်ပေါ်တွင် တံတားတစ်စင်းတည်ဆောက်ပြီး ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong)မြို့သို့ ဖောက်လုပ်ခဲ့ရာ ၎င်းရထားလမ်းသည် ၂၇၅မိုင်ကျော်ရှည်လျားပြီး ဘန်ပေါင်ရှိ ဘန်ကောက်-စင်ကာပူ မီးရထားလမ်းနှင့် ချိတ်ဆက်ရန် ဖောက်လုပ်ခဲ့သည်။
ရထားလမ်းဖောက်လုပ်ရာတွင် မြန်မာတိုင်းရင်းသားများသာမက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော မဟာမိတ်တပ်သားအများအပြားလည်းပါဝင်သည်။ ရထားလမ်းဖောက်လုပ်စဉ် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသည့် လုပ်သား ၁၂ဝဝဝဝ ကျော်တို့၏ ပုံရိပ်မှတ်တမ်းဓာတ်ပုံများပြသမည့် သံဖြူဇရပ်မီးရထားပြတိုက်၊ မူလမီးရထားစက်ခေါင်းနှင့် စစ်သင်္ချိုင်းတို့ကိုလည်း လေ့လာနိုင်သည်။
မဟာမိတ်စစ်သချုႋင်းသည်သံဖြူဇရပ်-ကျိုက္ခမီကားလမ်းဘေးတွင် တည်ရှိပြီး ၂၅ ဧကကျော် ကျယ်ဝန်းသည်။သေမင်းတမန်ရထားလမ်း ဖောက်လုပ်ရာတွင် သေဆုံးခဲ့ရသည့် မဟာမိတ်တပ်ဖွဲ့ဝင်များ၏ အုတ်ဂူငယ် ပေါင်း ၃၇၇၁ ခုရှိပြီး ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။ သက်ဆိုင်ရာစစ်သင်္ချိုင်းကော်မရှင်၏ ထောက်ပံ့ထိန်းသိမ်းမှုဖြင့် သက်တမ်းအနှစ် ၆ဝ ကျော်ရှိပြီဖြစ်သော်လည်း အပန်းဖြေစခန်းအဖြစ် ထိန်းသိမ်းထားရှိမှုကြောင့် ကျဆုံးခဲ့သော ရဲဘော်များ၏ သားသမီးဆွေမျိုး နိုင်ငံခြားဧည့်သည်များ နှစ်စဉ်လာရောက်ဂါရဝပြုလေ့ရှိကြောင်း သိရသည်။

သံလွင်မြစ်ဝ ဘီးလူးကျွန်းပေါ်ရှိ ချောင်းဆုံမြို့နယ်အတွင်းဆေးတံလုပ်ငန်း၊ တုတ်ကောက်လုပ်ငန်း၊ ကျောက်သင်ပုန်း၊ ကျောက်တံလုပ်ငန်း၊ သားရေကွင်းလုပ်ငန်း၊ ဝါးခမောက်လုပ်ငန်း၊ မြန်မာ့ရိုးရာမုန့်လုပ်ငန်း၊ ရိုးရာရက်ကန်း လုပ်ငန်းများ စသည့်လက်မှုလုပ်ငန်းများရှိရာသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့လာသော ဒေသတစ်ခုအဖြစ် ထင်ရှားပြီး စေတီပုထိုးများ၊ ရဟန္တာသိမ်တော်ကြီးများ၊ ရေတံခွန်၊ သဘာဝရေပူစမ်းများလည်း ပေါများလှသည်။
ယခင်က မော်လမြိုင်မှ ရေစီးသန်သော သံလွင်မြစ်ကြီးကို လှေ၊ သမ္ဗန်များဖြင့် လှိုင်းလေများကြား စိုးရိမ်ထိတ်လန့်စွာ ကူးဖြတ်ရသည်။ ယခုအခါ မေ ၉ ရက်က ဖွင့်လှစ်ခဲ့သော မော်လမြိုင်နှင့် ချောင်းဆုံမြို့ကို ဆက်သွယ်သော ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)ပေါ်မှ စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်သည့်အတွက် ပြည်တွင်းဧည့်သည်များသာမက ပြည်ပခရီးသွားဧည့်သည်များလည်း ချောင်းဆုံမြို့သို့ လွယ်လင့်တကူ လာရောက်နိုင်တော့မည် ဖြစ်သည်။
မော်လမြိုင်မြို့မှ မိုင် ၉ဝခန့် ဝေးသော ရေးမြို့ ပုပ္ဖဝတီကျေးရွာတွင် ဥာဏ်တော်အမြင့် ၁၄၅ တောင်ရှိသည့် မြန်မာနိုင်ငံ၏အကြီးဆုံး လေးဆူထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ရှိရာ လေးမျက်နှာဘုရားကြီးနှင့် စေတီတော်အတွင်း ဗုဒ္ဓရုပ်ပွားတော်အဆူ ၁၅ဝ၊ ရပ်တော်မူရုပ်ပွားတော် ၆၂ ဆူတို့ကို ဖူးမြော်နိုင်သည်။ 
ထို့ပြင် ရေး-ထားဝယ်ကားလမ်းမကြီးအတိုင်း ရေးမြို့မှ ဇီးဖြူသောင်ပင်လယ်ဝကမ်းခြေသို့သွားလျှင် မိနစ် ၂ဝ၊ ကဗျာဝကမ်းခြေသို့သွားလျှင် တစ်နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ ကဗျာဝကမ်းခြေသည် ပစောက်ပုံကမ်းခြေဖြစ်ပြီး  မြေနီဝါရောင်သဲသောင်ပြင်ပေါ်တွင်  ခရုခွံများ၊ ဝင်ကစွပ်ကောင် အများအပြားလည်း တွေ့မြင်ရမည်ဖြစ်သည်။ သံဖြူဇရပ်မြို့မှ ကရင်ပြည်နယ်ကိုဖြတ်၍ ဘုရားသုံးဆူလမ်းအတိုင်း ထိုင်းနိုင်ငံသို့လည်းကောင်း၊ ထိုင်းနိုင်ငံမှ မြဝတီလမ်း၊ ဘုရားသုံးဆူလမ်းတို့မှ မွန်ပြည်နယ်အတွင်းသို့လည်းကောင်း လည်ပတ်နိုင်သည်။

လူသားများအသက်ရှင်ရပ်တည်ရေးအတွက် အရေးပါသည့် ဇီဝမျိုးစုံ မျိုးကွဲများတည်ရှိခြင်း၊ ရာသီဥတု ပြောင်းလဲမှုကို လျော့ပါးစေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများကိုပေးခြင်း၊  သာယာလှပသည့်အတွက် ခရီးသွား ဧည့်သည်များအား ဆွဲဆောင်နိုင်ခြင်း စသည်တို့ ဖြည့်ဆည်းပေးနေသော ရေဝပ်ဒေသ (Wetland) တစ်ခုဖြစ်သည့်မွန်ပြည်နယ် စစ်တောင်းမြစ်ဝမှစ၍ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အရှေ့ဘက် မြစ်ဝှမ်းဒေသကမ်းခြေထိ  (ဧရိယာ  ၄၅ဝဝဝ ဟက်တာခန့်) ကျယ်ဝန်းသည့် မုတ္တမပင်လယ်ကွေ့၏ မြောက်ဘက်ပိုင်းဒေသကို မေလ ၁ဝ ရက်တွင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ရမ်ဆာဒေသ (Ramsar Site) အဖြစ် သတ်မှတ်လိုက်သဖြင့် မွန်ပြည်နယ် အနောက်ဘက်ရှိ မုတ္တမပင်လယ်ကွေ့ဝန်းကျင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသည့် နေရာဒေသတစ်ခု ဖြစ်လာတော့မည်ဟု ညွှန်းဆိုရေးသားလိုက်ပါသည်။