ဇွဲကပင် ဆံတော်ရှင် စေတီတော် သည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်ပေါ်တွင် တည်ရှိသော တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည်။ ဇွဲကပင်တောင်သည် ဘားအံမြို့၏ တောင်ဘက် (၇)မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် (၂၇၃၄)ပေ မြင့်ပြီး၊ တောင်နှင့်မြောက် မိုင်(၂၀)ခန့်မျှ သွယ်တန်းရှည်လျှားသည်။
ဝေါဟာရရင်းမြစ်
ဇွဲကပင်တောင်အား ရှေးအခါက အမည်အမျိုးမျိုးဖြင့် ခေါ်တွင်ခဲ့ကြသည်။ လုဒ္ဓယောဓမင်း တောကစားထွက်စဉ် လှံတော်ပျောက်ခဲ့သောကြောင့် ကရင်ဘာသာဖြင့် "ဇွဲကပင်" ဟုလည်းကောင်း၊ ရှေးအခါက နိုင်ငံရပ်ခြားမှလာသော လှေ၊ သင်္ဘောတို့ ထိုတောင်၏ အထွဋ်၌ ကပ်ချည်တွဲထားတတ်သောကြောင့် တလိုင်းကရင်မျိုးများက "ဒိုကရွယ်ကဗန်း" ဟုလည်းကောင်း၊ ဤတောင်တွင် ညောင်ချဉ်ပင်များ ပေါများသောကြောင့် မွန်လူမျိုးတို့က ညောင်ချဉ်ပင်တောင် "ဇဝယ်ကဗန်" ဟုလည်းကောင်း၊ ခေါ်တွင်ခဲ့ကြသည်။
