ရွှေစည်းခုံစေတီတော်
ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း၊ မိုင်ဝက်ခန့် ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။
သမိုင်း
ပုဂံပြည့်ရှင် အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမ၀ိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ၀ိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ့ ရတနာပြဿ ဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ၀တ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော ရှင်အရဟံမထေရ်က သတ္တ၀ါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဥာဏ်ပေးခဲ့သည်။ အနော်ရထာမင်းလည်း ရှင်အရဟံမထေရ်၏ အကြံဥာဏ်မှာ အလွန်လျော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။ မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုယ်ပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။ ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့ မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ၀ပ်လေသည်။ ဆင်ဖြူတော် ၀ပ်ရာ သဲစည်းခုံတွင် စွယ်တော် မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ပြည်မှ ရသော မြဆင်းတုတော်တစ်ဆူ နှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။ ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက် တွင်ပင် အနော်ရထားမင်း နတ်ရွာစံ ခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာ၏။