မဟာမုနိ ရုပ်ပွားတော် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ သမိုင်းဝင်ရုပ်ပွားတော် တစ်ဆူ ဖြစ်သည်။[၁] မဟာမုနိ ရုပ်ပွားတော်သည် အေဒီ ၁၇၈၄ ခုနှစ် ရခိုင်ပြည်ကို ဘိုးတော် ဦးဝိုင်း သိမ်းပိုက်ပြီးနောက် မန္တလေး အမရပူရသို့ ယူဆောင်သွားသော မဟာမုနိ ဘုရား၏ နေရာတွင် ရခိုင်ပြည်သူများ အစားထိုး ကိုးကွယ်ထားသည့် တန်ခိုးကြီး မဟာမုနိ ရုပ်ပွားတော် ဖြစ်သည်ဟု ဆိုသည်။ ရုပ်ပွားတော်သည် ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွား ဖြစ်သည်ဟု ရခိုင်လူမျိုးများက ယုံကြည်ကြသည်။
သမိုင်းကြောင်း
စန္ဒသူရိယ ဘုရင် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့စဉ်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာအရ ယုံကြည်ကြသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထိုင်တော်မူသော ဂေါတမဗုဒ္ဓသည် ထိုအကြောင်းအရာကို သိရှိလာသောကြောင့် အာနန္ဒာအား ပြောပြလေသည်မှာ "ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများ အုပ်ချုပ်ထားသော ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွရောက်လာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် ဗုဒ္ဓ၏ ရှေးရှေးဘဝပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင် ဗုဒ္ဓ၏ ဓာတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်"ဟု ဗျာဒိတ်တော်ပေးလေသည်။ ဤကဲ့သို့ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင် မဟာပထဝီမြေကြီးသည် တုန်လှုပ်ပြီး ပင်လယ်သမုဒ္ဒရာတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လေသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။ ဂေါတမဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းကို ဘုရင်မင်းမြတ်သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှူးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင် (၇) ရက်ကြာ သီတင်းသုံးနေထိုင်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံလေသည်။ မြို့တော်မှ ဗုဒ္ဓမထွက်ခွာမှီ ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀) တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓာတ်နှင့် ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။