လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော်သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ ကျက်သရေဆောင်ဖြစ်ပြီး၊ ကောဇာသက္ကရာဇ် ၁၀၉၃ ခုတွင် ခယ်တောင်ပေါ်၌ ဉာဏ်တော် ၃၂ တောင်ဖြင့် စတင်တည်ထားသည်။ မြိတ်မြို့ကို လေယာဉ်ပေါ်မှ ဖြစ်စေ၊ မြိတ်မြို့အဝင် ကလွင်မော် မီးပြအနီး သင်္ဘောပေါ်မှ ဖြစ်စေ လေးကျွန်းဆီမီးစေတီတော်ကို ရွှေတောင်အလား ဝင်းထိန်နေသည်ကို ဖူးတွေ့ရသည်။
လေးကျွန်းဆီမီးသိမ်တော်ကြီး စေတီတော် ကုန်းတော်ပေါ် တက်ရောက်ရန် စောင်းတန်းလေးသွယ် ရှိသည့်အနက်၊ အရှည်ဆုံး စောင်းတန်းမှာ စည်ပင်သာယာဈေးကြီး အရှေ့က စောင်းတန်းကြီး ဖြစ်ပြီး ခြင်္သေ့ကြီး နှစ်ကောင် ရံထားသည်။ စေတီတော် ရင်ပြင်ပေါ်တွင် မြောက်ဘက်တွင် တံခွန်တိုင်နှင့် သမဂ္ဂရေကြည်တော်အဖွဲ့ ဓမ္မာရုံ၊ အရှေ့ဘက်တွင် အာရုံခံတန်ဆောင်းနှင့် ကျောက်နုရုပ်ပွားတော် တဆူ၊ နောင်တော်ကြီး ထီးတော်၊ သမဂ္ဂရေကြည်တော်ဓမ္မာရုံ လွန်လျှင် ဂန္ဓကုဋီတိုက်ရှိပြီး၊ ဗုဒ္ဓသာသနာ့အလင်းပြ စာကြည့်တိုက် ဖွင့်လှစ်ထားသည်။ ဂန္ဓကုဋီတိုက် လက်ယာဘက်တွင် ပြတိုက်၊ ပြတိုက် အရှေ့တောင်ဘက်တွင် ဗုဒ္ဓသာသနာ့ဗိမာန်တောကြီး ရှိပြီး၊ ဗိမာန်တော်အဝင်၌ နယားရုပ်ထုနှင့် အတွင်းခန်းမဆောင်၌ တာဝတိံသာနတ်ပြည်မှ လူ့ပြည် ကြွတော်မူသည့် မြတ်စွာဘုရားပုံတော် နံရံကပ်ရုပ်တုကို မွမ်းမံကာ ကြေးသွန်းရုပ်ပွားတော် တဆူကို အပူဇော်ခံထားသည်။
သမိုင်းကြောင်း[ပြင်ဆင်ရန်]
ကုန်းတော်ပေါ်ရှိ သိမ်ကြီးကို အစွဲပြု၍ ခေါ်တွင်သော လေးကျွန်းဆီမီးသိမ်တော်ကြီး စေတီတော်သည် သက္ကရာဇ် ၁၀၉၃ တွင် မရိတ်မြို့စား အရမ်မနီနှင့် မြို့လူကြီးများက စတိန်ဆရာတော်ဘုရားကြီး ဦးဇာဂရအား အမှူးထား၍ မြတ်စွာဘုရား၏ ဓာတ်တော်သုံးဆူကို ရွှေကြုတ်၊ ငွေကြုတ်တွင် ထည့်၍ ဌာပနာကာ ဉာဏ်တော် ၃၂ တောင် (ပေ ၄၀)၊ ဖိနပ်တော် ၁၈ တောင်(၂၇ ပေ) ရှိသော စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ကုန်းတော်ကို ရှေးယခင်က ခယ်တောင်ဟု ခေါ်ခြင်းကို အစွဲပြု၍ ခယ်တောင်စေတီဟုလည်း သမုတ်ခဲ့ကြသည်။
သက္ကရာဇ် ၁၁၄၇ တွင် တနင်္သာရီမြို့ဝန် ဗလကျော်ထင် လက်ထက်၌ ခယ်တောင်စေတီကို တိုးချဲ့ပြုပြင်၍ ပြီးမြောက်သော် လေးကျွန်းဆီမီးစေတီတော်ကြီးဟု တွင်စေသည်။ ယခုအချိန်တွင် မြို့လူကြီးများ အဆက်ဆက် ပြုပြင်လှူဒါန်းခဲ့၍ အလျား ပေ ၈၀၊ အနံ ပေ ၈၀၊ ဉာဏ်တော် ပေ ၈၀ အထိ ရှိပြီ။
သက္ကရာဇ် ၁၂၈၂ တွင် မြိတ်မြို့ လူကြီးများက စေတီတော်၏ ထီးတော်ဟောင်းကို ချပြီး၊ ငှက်မြတ်နားဟောင်း၌ ရှိရင်း ရွှေချိန် ၄၇ ကျပ်၊ ၆ ပဲတွင် ရွှေချိန် ၁၃၁ ကျပ်၊ ၁ ပဲ၊ ၂ ရွေးကို ထပ်ဖြည့်ကာ ငှက်မြတ်နား စိန်ဖူးတော် ပြုလုပ်ပြီး၊ ထီးတော်နှင့် တကွ ပြန်လည် တင်လှူသည်။ ၁၂၈၃ တွင် ရွှေမျက်ပါးလွှာ တသန်းကျော်ကို ကပ်လှူသည်။ ၁၃၁၉ တွင် ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို မွမ်းမံ၍ စိန်ဖူးတော် တင်ပွဲ ကျင်းပပြီး၊ စိန်ဖူး သလင်းတုံး၏ အမြင့်၊ လုံးပတ်မှာ ၁၅ လက်မ စီ ဖြစ်သည်။ ၁၉၈၈ နိုဝင်ဘာမှ ၁၉၉၁ ဇန်နဝါရီအတွင်း စေတနာရှင်များက သိန်းပေါင်းများစွာ တန်သော ရွှေစင်ပြား ၉၅ ချပ် ပြုလုပ်ကာ ဆက်ကပ် လှူဒါန်းသည်။
ပြုပြင်မွမ်းမံခြင်း[ပြင်ဆင်ရန်]
စေတီတော်ကြီး တည်ရှိရာ သိမ်ကြီးတောင်(ခယ်တောင်)သည် ပေ ၁၂၀ ခန့် မြင့်ပြီး၊ အနောက်ဘက်တွင် မတ်စောက်သဖြင့် ယခင်က ရေတိုက်စားပြီး ပြိုကျလေ့ ရှိသည်။ ကောဇာ ၁၂၈၉ တွင် သိမ်ကြီးတောင် အနောက်၊ ၁၃၃၄ တွင် အနောက်မြောက် တောင်စွန်း ပြိုကျသောကြောင့် တောင်နံရံ တံတိုင်းများ တည်ဆောက်ခဲ့ကြရသည်။ ခရစ်နှစ် ၁၉၈၉ တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုကျရာ ကုန်းတော်ပေါ် အနောက်မြောက်ဘက် ရင်ပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ်သည်။ ထိုစဉ် အင်ဂျင်နီယာများ တိုင်းထွာ စစ်ဆေးချက်အရ ကုန်းတော်သည် အနောက်မြောက်ဘက်သို့ နိမ့်ဆင်းမှု ရှိနေကြောင်း တွေ့ရ၍ တောင်ပြိုခြင်းကို ကာကွယ်ထိန်းသိမ်းမည့် တောင်နံရံတံတိုင်းကြီးများကို ၁၃ ဧပြီ ၁၉၉၀ တွင် စတင်ထပ်မံတည်ဆောက်ခဲ့ရသည်။
စေတီတော်မုခ်ဦးကြီးကို ရန်ကုန်မြို့မှ မြန်မာ့ပန်းတော့အနုပညာရှင်များက ခံညားထည်ဝါစွာ တည်ဆောက်ထားပြီး၊ ကုန်ကျငွေ ၁၃.၃ သိန်းကျော် ဖြစ်ကာ၊ ၁၃၅၃ ခု၊ တပေါင်းလပြည့်တွင် ဖွင့်လှစ်သည်။[၁]
ပွဲတော်များ[ပြင်ဆင်ရန်]
သမိုင်းဝင် လေးကျွန်းဆီမီးသိမ်တော်ကြီး ကုန်းတော်သည် နှစ်စဉ် အချိန်မှန် ပြုလုပ်ကျင်းပသော မဟာပဝါရဏာ ပွဲတော်ကြီး၊ မြန်မာနိုင်ငံအရပ်ရပ်မှ ထင်ရှားသော တရားဟောဓမ္မကထိက ဆရာတော်ကြီးများ၏ တနှစ်ပတ်လုံး တရားပွဲများ၊ သာသနာ့အာဇာနည်ကြီးများကို ဂုဏ်ပြု ပူဇော်ပွဲများ၊ စာအောင် ဆုနှင်းသဘင် အခမ်းအနားကြီးများ၊ သာမဏေ သံဃာတော်များ စာပြန်ပွဲ၊ စာဖြေပွဲ အစရှိသော ပွဲများ အခါမလပ် ကျင်းပရာ နေရာ ဖြစ်သည်။ မြို့ပေါ်မှ အသင်းပေါင်း ၂၀၀ ကျော်မျှ ရှိ စမ္မစကြာအဖွဲ့များကလည်း အစဉ်မပြတ် ဝတ်ရွတ် ပူဇော်လေ့ရှိသည်။[၂] အခါကြီးရက်ကြီးများ၊ အထူးသဖြင့် သင်္ကြန်ကာလနှင့် သီတင်းကျွတ်ကာလများတွင် ရင်ပြင်တော်အပြည့် တိုးမပေါက်အောင် ရေခြားမြေခြား၊ ရပ်နီးရပ်ဝေး ဘုရားဖူးများဖြင့် စည်ကားလေ့ရှိသည်။