လောကနန္ဒာစေတီသည် မြန်မာနိုင်ငံ၊မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ စေတီပုထိုးအမှတ် ၁၀၂၃/၄၁၈−က ဖြစ်သည်။ စွယ်တော်မြတ် ကိန်းဝပ်ရာ တတိယမြောက် စေတီတော်ကြီး ဖြစ်သည်။ ဆင်ဖြူတော်သည် တန့်ကြည့်တောင်မှ ဧရာဝတီမြစ်သို့ ကူး၍ ယခု သီရိပစ္စယာစွယ်တော်၏ အရှေ့ဘက်ရှိ ဧရာဝတီ ကမ်းနဖူးတွင် ဝပ်လေသည်။ အနော်ရထာမင်းကြီးသည် ဆင်ဖြူတော် ဝပ်ရာ ဤနေရာ၌ စွယ်တော်ရှင်စေတီ တည်ခွင့်ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူသည်။ အဘယ်ကြောင့် ဆိုသော် ထိုသီရိပစ္စရာသည် ပုဂံခေတ်က သင်္ဘောဆိပ်မြို့ ဖြစ်ခဲ့ပြီး သီဟိုဠ်မှပင့်ဆောင်သော စွယ်တော်မြတ်ကို မင်းကြီးကိုယ်တိုင် ရေထဲသို့ လည်တိုင်အထိဆင်းကာ ရွက်ယူပူဇော်ခဲ့ရသော နေရာဖြစ်သောကြောင့် ပင်တည်း။[၁]
လောကနန္ဒာ စေတီကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာ မင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော ဗုဒ္ဓစွယ်တော်ကို ထပ်မံပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ ဌာပနာခဲ့သည်။
တည်ထားပုံ[ပြင်ဆင်ရန်]
လောကနန္ဒာစေတီကို ပျူနှင့်မြန်မာ ဗိသုကာလက်ရာများဖြင့် ပေါင်းစပ်၍ အောက်ခြေတွင် ရှစ်ထောင့် ပစ္စယာခံထားပြီး ထို ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံရှည်ရှည် ဖောင်းရစ် အဆင့်ဆင့်ဖြင့်တည်ထားခဲ့သည်။[၂] လောကနန္ဒာ စေတီသည် ရှေးဟောင်း စေတီတစ်ဆူဖြစ်သော်လည်း ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်ကဲ့သို့ ဖြစ်နေသည်။
လောကနန္ဒာစေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက် အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃ မီတာ (၆-ပေ)ခန့် မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကို ဖူးမျှော်နိုင်ပါသည်။ [၃]