သမ္ဗုဒ္ဓေစေတီ (မုံရွာ)

သမ္ဗုဒ္ဓေစေတီတော်ကြီးကို ကျေးဇူးရှင် မိုးညှင်းဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၃ဝ၁ ခုနှစ်ဝါဆိုလဆန်း ၅ ရက်နေ့မှစတင်၍ မုံရွာမြို့နယ် မြေနဲ၊ အောင်သာ၊ ဆည်ကြီး၊ မင်ရွာတို့အလယ်ရှိ ၃၇ ဧကကျယ်ဝန်းသော မိုးညှင်းတောရတိုက်တော်ကြီးအတွင်း၌ တည်ဆောက်လာ ခဲ့ရာ ၁၃၁၄ ခုနှစ်တပေါင်းလဆုတ် ၃ ရက်နေ့တွင်လုံးဝပြီးစီးအောင်မြင်ခဲ့လေသည်။ ယင်းစေတီ တည်ဆောက်ရာ၌ ဆရာတော်ဘုရားသည် မည်သည့်အင်ဂျင်နီယာများ၏အကူအညီကိုမျှ မယူဘဲ မိမိစိတ်ကူးနှင့်ပင်ကြံစည်ရသမျှထင်မြင်လာသည့်အတိုင်း တိုက်ကြပ် ဘုန်းတော်ကြီး ဦးနာရဒနှင့်ပန်းရန်ဆရာဟန်ကြီးတို့အား မည်သို့မည်ပုံမည်သည့်နည်းစသည့်နည်းလမ်းစံနစ်ပုံစံများကို စာနှင့်တစ်ဖုံ ၊နှုတ်နှင့်တစ်မျိုး၊ ရှင်းလင်းပြသကာ တိုင်းပြည်နှင့်တကွတည်ဆောက်လာရာ ငွေပေါင်း ၁၁ သိန်းကျော်မျှကုန်ကျလေသည်။
စေတီတော်တည်ဆောက်ဆဲ ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ခေတ်နှင့်ကြုံကြိုက်နေသော်လည်း စေတီတော်ကြီး၏တန်ခိုးတော်၊ ဆရာတော်ဘုရားကြီး၏ မေတ္တာတော်တို့ကြောင့် ထုံး၊ သံထည်ပစ္စည်းများ၊ ဘိလတ်မြေ၊ ဆေးဘူးများကိုအခက်အခဲမရှိအလွယ်တကူ ရရှိသဖြင့်ပန်းရန်အဖွဲ့ပေါင်း ၄ဝကျော် ၅ဝမျှနှင့် အဆက်မပြတ်လုပ်ကိုင်လာနိုင်ခဲ့သည်။ ကျောင်းတိုက်အနီးရှိ မြေကွက်များတွင်အုတ်ဖိုပေါင်း ၂ဝဝ ကျော်မျှရှိခဲ့ရာ အုတ်များလည်း အဆက်မပြတ်ရရှိခဲ့လေသည်။ သမ္ဗုဒ္ဓေစေတီတော်၏ ပုံတော်သည်အခြား မည်သည့်စေတီတော်များနှင့်မျှ ပုံသဏ္ဌာန်မတူဘဲ တစ်မူထူးခြား၍ ထူးကဲအံ့ဩဖွယ်ကောင်းလှပေသည်။ စေတီတော်ကြီး၏ဖိနပ်တော်မှာစတုရန်းဖြစ်၍အလျား ၁၁၁ တောင်နှင့်အနံ ၁၁၁ တောင်စီရှိရာ အလယ်ဗဟိုတွင်ဉာဏ်တော် ၈၈ တောင်ရှိရွှေရောင်ဝင်းသော သမ္ဗုဒ္ဓေမဏ္ဍိုင်စေတီတော်ကိုတည်ထားသည်။ စေတီတော်၏တစ်ဖက်တွင်အလျား ၁၁၁တောင်၊ အနံ ၅၂ တောင်၊ အမြင့်ဉာဏ်တော် ၃၆ တောင်ရှိအာရုံခံတန်ဆောင်းကြီးတစ်ခုနှင့် ယင်းနှင့်စပ်၍အလျား ၅၇ တောင် ၊အနံ ၅၂တောင်နှင့်အမြင့် ၃၆ တောင်ရှိ၍စောင်းတန်းတစ်ခုရှိသည်။ သမ္ဗုဒ္ဓေစေတီဘက်၌ စေတီတော်ကြီးငယ်ပေါင်း ၄၇၁ ဆူနှင့်စောင်းတန်းတော်အာရုံခံဘက်၌ ၃၉၃ ဆူရှိရာ စေတီတော်ကြီးကို အဝေးကနေဖူးလျှင် စေတီရံပေါင်း ၈၆၄ ဆူနှင့်တကွအလွန်ပနံရသော သမ္ဗုဒ္ဓေစေတီတော်ကြီးကို စောင်းတန်းအာရုံခံကြီးများနှင့်အတူထင်းထင်းကြီး တွေ့မြင်ရသည်။
စေတီကြီး၏ဘေးပတ်လည်တွင် တံခွန်တိုင် ၂ဝ၊ တိရတနာပါဒသုံးဆူ၊ နရသီဟလေးစီး၊ မနုသီဟလေးစီး၊ သမုဒ်ပုလ္လင် ၁၄လုံး၊ ခြင်္သေ့၁၄စီးရှိသည်။ ဓာတ်တော်တည်ရာဌာနပေါင်း ၁၄၈၆ ဌာနတို့၌မြတ်စွာဘုရား ဓာတ်တော်ပေါင်း ၃၈၉ဝဝနှင့်ရဟန္တာဓာတ်တော်ပေါင်း ၈၁၅ဝဝ တို့ကို အန္တရာယ် ကင်းကြီးများနှင့်တကွ တည်ထားကိုးကွယ်သည်။ သမ္ဗုဒ္ဓေစေတီနှင့် စောင်းတန်းအာရုံခံအတွင်းတို့၌ တောင်ပြည့်ထိုင်တော်မူ ၆၈ ဆူနှင့်ရပ်တော်မူ ၂၉၆ ဆူရှိ၏။ ဘေးကင်းရန် ဝိသေသခုခုဘုရားတို့ကား စေတီတော်ဘက်၌အဆူ ၅ဝဝ၊ အာရုံခံဘက်၌ ၇၅၆ဆူ၊ နှင့်စောင်းတန်းဘက်၌ ၄၃၈ဆူ၊ ပေါင်း ၁၆၉၄ ဆူရှိသည်။
စေတီတော်ကြီး၏အတွင်း၌ အပြင်ထပ်၊ အလယ်ထပ်၊ အတွင်းထပ်ဟူ၍ အထပ်သုံးထပ်ရှိ၍ လူပရိတ်သတ်ထောင်ပေါင်းများစွာဆံ့အောင် ရှိခိုးနေထိုင်နိုင်ကြသည်။ တိုက်ခန်းနံရံတွင်သုံးလက်မ၊ လေး လက်မ၊ ခြောက်လက်မ၊ ကိုးလက်မ၊ တစ်ပေ စသည်ဖြင့်ရုပ်ပွားငယ်ပေါင်း ၅၈၂၂၅ရ ဆူတို့မှာလည်း အောက်ခြေမှစ၍အထက်ထိ အတန်းလိုက် အတန်းလိုက် ညီညီညာညာ၊ အကန့်အကန့် ဆင့်ကာဆင့်ကာကိန်းဝပ်စမ္ပယ်တော်မူလျှက်ရှိကြရာ ဘုရားဖူးများသည်ဖူး၍မကုန်နိုင်အောင် အောက်ခြေကလည်း ဘုရား၊ အထက်ကလည်းဘုရား၊ မျက်နှာမူရာမှာလည်းဘုရား၊ နောက်ကလည်းဘုရား၊ ဘေးနှစ်ဖက် ကလည်းဘုရား ဘုရားပေါင်းမြောက်မြားစွာကိုဖူးမြင်ကြရပေသည်။
သမ္ပုဒ္ဓေစေတီတော်နှင့်စောင်းတန်းအာရုံခံတို့၏ အပြင်ဘက်မျက်နှာပတ်လည်တွင်ဖရဲသီး၊ ပိန္နဲသီး၊ သရက်သီး၊ သင်္ဘောသီး၊ ငှက်ပျောခိုင်ကြီး၊ အုန်းခိုင်ကြီး၊ ထန်းသီးခိုင်ကြီး စသည့်သစ်သီးကြီးငယ် တို့၏သဏ္ဌာန်ကိုအစစ်ကဲ့သို့အင်္ဂတေဖြင့် ပန်းရံဆရာတို့လက်စွမ်းပြပြုလုပ်ထားသည်မှာ ချီးမွမ်းဖွယ်ပင် ဖြစ်သည်။ ထိုသစ်သီးကြီးငယ်တို့ကို အမြဲထာဝရဆွမ်းတော်တင်ထားသည့်အလားတွေ့ရသည်။ ဘုရားပွဲတော်ကိုနှစ်စဉ် တန်ဆောင်မုန်းလဆန်းတွင်ကျင်းပသည်။
ပွဲတော်ကိုအတီးအမှုတ်၊ အကအခုန်ပွဲလမ်း သဘင်မပါရှိဘဲမြသပိတ်မည်းဖြင့် ဘုရားဒါယကာရွေးကာဆွမ်းတော်ကြီးတင်ပွဲ၊ တရားပွဲသံဃာတော် ၁ဝဝ ကျော်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တန်ဆောင်းမုန်းလပြည့်နံနက်ပိုင်းတွင်ကျင်းပပြုလုပ်လေသည်။ [၁]