ခေတ်အလိုက် ပုဂံစေတီပုထိုးများ

မောင်သာ(ရှေးဟောင်းသုတေသန)


မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံနယ်မြေသည် ရှေးဟောင်း စေတီပုထိုးများ လက်ညှိုးထိုးမလွဲ တည်ရှိနေသည့် အဝန်းအဝိုင်းတစ်ခု အဖြစ် အလွန်ထင်ရှားသဖြင့် ပြည်တွင်းပြည်ပခရီးသွားများ အများဆုံး သွားရောက်ကြသည့် နေရာဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း၊ ဧရာ၀တီမြစ်ကမ်းတွင် တည်ရှိသည့် ပုဂံဒေသသည် အလျား ၁၃ ကီလိုမီတာနှင့် အနံ ခြောက်ကီလိုမီတာ ကျယ်ဝန်း၍ လှည်းဝင်ရိုးသံ၊ တညံညံ၊ ပုဂံဘုရားပေါင်း” ဟူသည့် အဆိုအရ ပုဂံ နယ်မြေအတွင်း၌ ရှေးဟောင်းစေတီပုထိုး ၄၄၄၆ ဆူ ရှိကြောင်း ယူဆခဲ့ကြသည်။ ပုဂံရှိစေတီ ပုထိုးများ အရေအတွက်သည် အင်း၀ခေတ် မိုးညှင်းမင်းတရား လက်ထက်(ခရစ်နှစ် ၁၄၂၇-၁၄၈၀) တွင် ကောက်ယူခဲ့သည့် မှတ်တမ်းအရ ၄၄၇၄ ဆူ (ဝင်းဝင်းထိန်လျှံ၊ ပုဂံဘုရားပေါင်း)ဖြစ်ပြီး ကုန်းဘောင်ခေတ် မှတ်တမ်းဖြစ်ဟန် ရှိသည့် (မြတ်ဘုရားဆူရေ၊ ဖြူရွှေလိုဝင်း၊ ပုဂံပြည်၊ ဘယ်တိုင်းဌာနီမှ၊ စံမမီ လွန် ထင်ရှား၊ စောမုနိများ) ဟူသော အဆိုအရ ၅၄၄၄ ဆူ ဖြစ်သည်။

ပုဂံရှိ စေတီများ၊ တစ်ထပ်မှ လေးထပ်အထိရှိသော ဂူဘုရားများ၊ ဥမင်များ၊ တစ် ထပ်ကုလားကျောင်းများ၊ ပိဋကတ်တိုက်များနှင့်သိမ်များအနက် စေတီများကို ယေဘုယျအားဖြင့် လိုဏ်ပါသည့် အဆောက်အအုံ (Temple) နှင့် လိုဏ် မပါသည့် အဆောက်အအုံ(Stupa) ဟု ခွဲခြားနိုင်သည်။ ယင်းတို့ကို အကြမ်းအားဖြင့် ၁၁ ရာစုမတိုင်မီ ပုဂံခေတ်ဦးလက်ရာ၊ ၁၁ ရာစု လက်ရာ၊ ၁၂ ရာစု လက်ရာနှင့် ပုဂံ နှောင်း ပိုင်း ၁၃ ရာစုလက်ရာဟု ပိုင်းခြားနိုင်သည်။

ပုဂံခေတ်ဦးပိုင်းစေတီများကို ပုဂံခေတ်၏ ရှေ့ပြေးဗိသုကာလက်ရာများဖြစ်သည့် သရေခေတ္တရာမှ ဘောဘောကြီး၊ ဘုရား မာ၊ ဘုရားကြီး စသည်တို့၏ ပြောင်းတိုင်ပုံ၊ ထုလုံးရှည်တောင်ပုံများကို အခြေတည်လျက် ပုံစံ အနည်းငယ် ပြောင်းလဲ တည် ဆောက်ခဲ့ကြသည်။ သရေခေတ္တရာ ဘောဘောကြီးစေတီနှင့် အနီးစပ်ဆုံး တူသည့် ပုဂံစေတီသည် ငကျွဲနားတောင်းဖြစ်ကာ သဗ္ဗညု စေတီတော် အနောက်ဘက်တွင် တည်ရှိသည်။
၁၁ ရာစုမတိုင်မီ အစောပိုင်းတွင် တည်ဆောက်ခဲ့သည့် ပုဂံစေတီများသည် အဝိုင်းပုံပန္နက် အပေါ်၌ ပစ္စယံ ခံ၍ တည်ထားသည့် သပိတ်မှောက်ပုံ လုံးတော်များ ဖြစ်ကြသည်။ယင်းစေတီများသည် ဖောင်းရစ်အပါအဝင် မွမ်းမံမှုများနည်းပါးကာ ရိုးရှင်းစွာ တည်ဆောက်ခဲ့သည့် ပုံစံများဖြစ်ကြသည်။

စေတီတော်၏ အရပ်မျက်နှာလေးဖက်၌ လှေကားတစ်စင်းစီ တပ်ဆင်ကာ လွတ်နေသည့် ပစ္စယံ ထောင့်လေးနေရာ၌ အရံစေတီများ တည်ထားခဲ့သည်။ ဖောင်း ရစ်များကို ခုံးလျှောတစ်လှည့်၊ အဖောင်းတစ်လှည့်၊ အပြားတစ်လှည့် ပြုလုပ်ခြင်း သည် ပုဂံခေတ် ၁၁ ရာစုလက်ရာ စေတီများ၏ ထူးခြားသော ဗိသုကာဟန်ဖြစ်ခဲ့သည်။

၁၂ ရာစု နှင့် ၁၃ ရာစု ပုဂံ ဘုရားများ
ပုဂံတွင် အေဒီ ၁၂ ရာစုက တည်ဆောက်ခဲ့သည့် ထင်ရှားသောစေတီများတွင် ဆပဒ၊ စိမ်းညက်ညီအစ်မ၊ ဓမ္မရာဇိကနှင့် စဉ့်စေတီတို့ကို လူသိများကြသည်။
၁၂ ရာစုတွင် ပုဂံစေတီများသည် ပစ္စယံများ အနည်းငယ်မြင့်လာကာ မြန်မာ ဟန်နှင့် ကွဲပြားသည့် သီဟိုဠ်ဟန် စေတီများကိုလည်း တည်ဆောက်ခဲ့ကြသည်။
၁၁ ရာစု လက်ရာ ဂူဘုရားများအနက် အာနန္ဒာသည် အနု အာနန္ဒာဟု ဆိုရ လောက်အောက်ပင် အလွန်အနုစိတ်ကာ အထူး လက်ရာမြောက်ခဲ့သည်။

၁၁ ရာစု ဂူဘုရားများသည် အတွင်းသို့ အလင်းရောင်ဝင်ရောက်မှု အားနည်းခဲ့ကာ ၁၂ ရာစု ဂူဘုရားများတွင်လည်း ခေတ်ဦးပိုင်း၌ မုခ်ပေါက်တစ်ပေါက်သာ ထားရှိ ခဲ့သည်။ သို့သော် ၁၂ ရာစု နှောင်းပိုင်းတွင် ဂူဘုရားများတွင် ဘေးပေါက်များ ဖောက် ၍ လိုဏ်အတွင်း အလင်းရောင်ပိုမိုရရှိစေရန်နှင့် လေဝင်လေထွက်ကောင်းမွန်စေရန် ပြတင်းပေါက်များအား ဟင်းလင်းပေါက်များအဖြစ် ပြုလုပ်ခဲ့သည်။ တိုက်မတွင် အလယ်မဏ္ဍိုင်မတည့်တော့ဘဲ ဂန္ဓကုဋိအဖြစ် ဖွဲ့စည်းခဲ့ပြီး ၁၃ ရာစုတွင် လိုဏ်ဘုရား များကို သုံးထပ် အထိ ဆောက်လုပ်ခဲ့ကြသည်။

ထို့အတူ ၁၃ ရာစုတွင် လေးမျက်နှာနှင့် ငါးမျက်နှာ ဂူဘုရားများ၊ ဝက်ကြီးအင်း ဂူပြောက်ကြီး ကဲ့သို့သော ဗုဒ္ဓဂယာမှ မဟာဗောဓိပုံ နှစ်ထပ်ဂူဘုရားများကို တည် ဆောက်ခဲ့ကြသည်။

စေတီပုထိုးများ အရေအတွက် ထောင်နှင့် ချီရှိနေသော်လည်း ပုဂံ စေတီပုထိုး များသည် တစ်ဆူနှင့် တစ်ဆူ တူညီခြင်း မရှိကြဘဲ အခြေခံတည်ဆောက်ပုံစနစ်မှလွဲ၍ ဗိသုကာ ဟန်များ ကွဲပြားကြပေသည်။ ခေတ်အလိုက် တည်ဆောက်ပုံများ ကွဲပြားခဲ့ သည့် ပုဂံစေတီ ပုထိုးများသည် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ကမ္ဘာကျော် ထင်ရှားလျက်ရှိနေပေသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ကောက်ယူခဲ့သော စာရင်းများအရ ပုဂံစေတီပုထိုးများသည် ၂၂၁၇ ဆူရှိပြီး ကျောင်းကြီးအုတ်နီ၊ ကိန်း နှင့်ညီ၊ စေတီဂူဘုရားဟု မှတ်သားခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၉၁ ခုနှစ် အတွင်း ယူနက်စ်ကိုအဖွဲ့၏ အကူအညီဖြင့် ပြင်သစ်လူမျိုး ဗိသုကာပညာရှင် ကောက်ယူခဲ့သည့် စာရင်းအရ ၂၈၃၄ ဆူရှိသည်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်တွင် ပုဂံဒေသ၌ ငလျင်လှုပ်ပြီးနောက် ပုဂံရှိ စေတီပုထိုးများနှင့် ရှေးဟောင်း အဆောက်အအုံများ စာရင်းကို ပြန်လည်ကောက်ယူခဲ့ရာ ၁၉၉၇-၁၉၉၈ ခုနှစ်က ပြန်လည်တည်ဆောက်ခဲ့သည့်ကုန်းများနှင့် မတူးဖော်ရ သေးသည့် ကုန်းများ အပါ အဝင် ၃၁၂၂ ခု ရှိကြောင်း သိရှိရပေသည်။
ယင်းစာရင်းအရ ပုဂံရှိ ရှေးဟောင်းအဆောက်အအုံများသည် စေတီနှင့် ဂူဘုရား ၁၄၅ ဆူ၊ အုတ်ကျောင်း ၄၃၁ ကျောင်း၊ ဥမင်နှင့် သိမ်အဆောက်အအုံ ၅၄ ခုနှင့် အုတ်ကုန်း ၈၉၂ ကုန်းဖြစ်သည်။


ပုဂံခေတ်ဦး စေတီပုထိုးများ
ပျူခေတ်လက်ရာ ဘောဘောကြီးစေတီကို ပစ္စယာငါးဆင့်ပေါ်တွင် ပြောင်းတိုင်ပုံ တည်ဆောက်၍ အပေါ်ပိုင်းတွင် အမိုးကို လျှော၍ ကန်တော့ပုံ အထွတ်တင်ခဲ့သည်။ဘောဘောကြီးတွင် မျက်မှောက်ခေတ် စေတီများကဲ့သို့ ငှက်ပျောဖူး၊ ကြာလန်ကြာ မှောက်၊ ဖောင်းရစ်၊ သပိတ်မှောက် စသည်တို့ မပါရှိသကဲ့သို့ ထီးတင်ထားခြင်းလည်း မရှိဘဲ စေတီ၏ ကြီးမားသည့် လုံးတော်ကို ဦးစားပေး တည်ဆောက်ခဲ့သည်။

ဘောဘောကြီးနှင့် ပုံစံတူ တည်ဆောက်ခဲ့သည့် စေတီသည် ငကျွဲနားတောင်း (ပုဂံဘုရားအမှတ် ၁၆၀၃)ဖြစ်ကာ စေတီ ကိုယ်ထည်တွင် စဉ့်ရည်သုတ်ထားသည့် အုတ်များကို အသုံးပြုခဲ့သည်။ ပညာရှင်အချို့က ငကျွဲနားတောင်းစေတီကို ၁၁ ရာစု လက်ရာဟု ယူဆကြသည်။

ထို့အတူ ပုဂံမြို့သစ်၊ ရဲစခန်းအနီးတွင်ရှိသည့် လေးဆူတန်းစေတီများသည် ပျူလက်ရာဟန် စေတီတော်များနှင့် ဆင်တူကြသည်။ သို့သော် ပျူစေတီများကဲ့သို့ အထက်သို့ တစ်ဖြောင့်တည်း တက်မသွားဘဲ စေတီတော် ပစ္စယံ၌ စိန်ပန်းများနှင့် ကိုယ်လုံးတော်အောက်ခြေ၌ အင်္ဂတေ ကြာပန်းကွက်များ တန်ဆာဆင်ထားသည်။
ပုဂံခေတ်ဦးပိုင်း စေတီတစ်ဆူဖြစ်သည့် ဗူးဘုရားသည် ၁၉၇၅ ခုနှစ်က လှုပ်ခတ် ခဲ့သည့် ငလျင်ဒဏ်ကြောင့် ဧရာ၀တီမြစ် အတွင်းသို့ ကျသွားခဲ့သည်။ မူလ ဗူးဘုရား တွင် ပစ္စယံတစ်ဆင့်ခံပြီး ဖောင်းရစ်များ မပါရှိသည့် ကိုယ်လုံးတော် အထက်တွင် ခရေသီးကို အထွတ်တင်ခဲ့သည်။ အေဒီ သုံးရာစုတွင် ပျူစောထီးမင်း တည်ထားခဲ့ သည်ဟု ယူဆကြသည့် ဗူးဘုရားသည် ပျူခေတ်လက်ရာ စေတီများကဲ့သို့ပင် အဆင် တန်ဆာများမပါရှိချေ။
ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ဗူးဘုရားကိုပြန်လည် တည်ဆောက်ရန် အောက်ခြေအုတ်မြစ်ကို တူးဖော်ခဲ့စဉ်က အနက် ၁၆ ပေတွင် မဟာယနဗုဒ္ဓဘာသာ ဘုရားလောင်း အဝလောကိတေသွာရရုပ်တုများ၊ လက်နှစ်ဖက်ဖြန့်ထားသည့် ရုပ်ပွားဆင်းတု အုတ်ခွက်များကို တွေ့ရှိခဲ့သည်။ အုတ်ခွက်နှင့် နတ်ရုပ်များသည် ပျူခေတ်လက်ရာများဖြစ်ကြသည်။

၁၁ ရာစု ပုဂံ ဘုရားများ
ပျူနှင့် မြန်မာအကူးအပြောင်းကာလတွင် တည်ဆောက်ခဲ့သည်ဟု ယူဆကြသည့် လောကနန္ဒာစေတီသည်အနော်ရထာမင်း တည်ခဲ့သည့် တတိယမြောက်စွယ်တော် စေတီဖြစ်ကာ သရေခေတ္တရာရှိ ဘောဘောကြီးစေတီတော်ပုံကို မြန်မာမှုဟန် များဆန်းသစ်လျက် ဖောင်းရစ်များတွင် ဆက္က၀လိ ထီးဆင့်များကို ခုံးလျှောတစ် လှည့်၊ အဖောင်းတစ်လှည့် ပြုလုပ်ခဲ့သည်။ စေတီတော် အောက်ခံ ပန္နက်သည် ရှစ် မြှောင့်ဖြစ်၍ ခေါင်းလောင်းအနားကို ပုံဖော်ခဲ့သည်။ ရှည်မျောမျော ခေါင်းလောင်း ကိုယ်ထည် အလယ်၌ ခါးပတ်ဖောင်းလိုင်းနှင့် ဖောင်းရစ်များ ထည့်သွင်းခဲ့ကာ ကြာလှန်ကြာမှောက်နှင့် ခရေသီး တို့ကိုလည်း အချိုးကျန ပြေပြစ်စွာပြုလုပ်ခဲ့သည်။
၁၁ ရာစု စေတီများတွင် အင်္ဂတေအပြောက်အမွှမ်းများကို စတင်မြင်တွေ့ကြရပြီး ၁၁ ရာစု အလယ်တွင် တည်ဆောက်ခဲ့သည့် ရွှေစည်းခုံစေတီတော်၏ ဗိသုကာ လက်ရာသည် ၁၁ ရာစု၏ အထွတ်အထိပ်ဟု ဆိုနိုင်သည်။ ရွှေစည်းခုံစေတီ၏အောက်ခြေ လေးထောင့်ပစ္စယံပန္နက်ကို အထက်ရှိခေါင်းလောင်းပုံ စေတီနှင့် ဆက်စပ်ရာတွင် အချိုးကျ ပြေပြစ်စေရန် ခိုနန်းချိုးများကို ထည့် သွင်း ပြုလုပ်ခဲ့သည်။ပစ္စယံ ငါးဆင့်အနက် အထက်ဆုံးပစ္စယံကို ရှစ်မြှောင့် ပြုလုပ်၍ အပေါ်တွင် စေတီ တော်ကို တည်ထားခဲ့သည်။

အေဒီ ၁၁ ရာစု အစောပိုင်း လက်ရာ ပုဂံစေတီများသည် အောက်ခြေပစ္စယံကို နှိမ့်၍ ရှစ်မြှောင့် ပစ္စယံအထက်၌ တည် ထားသည့် ရှည်မျောမျော ခေါင်းလောင်းပုံများ ဖြစ်ကြသည်။ ခေါင်းလောင်းခါးလယ်၌ ဖောင်းလိုင်းထည့်ခြင်း၊ ဖောင်းရစ်များ ထည့် သွင်းခြင်း၊ ကြာလှန်ကြာမှောက်နှင့် ခရေသီးများကို အချိုးကျစွာ ထည့်သွင်းလာ ခြင်းတို့သည် အေဒီ ၁၁ ရာစု လက်ရာ ပုဂံ စေတီများ၏ ဟန်များဖြစ်ကြသည်။
ဂူပြောက်ကြီး တောင်ဘက်ရှိ မြင်းကပါစေတီ(ဘုရားအမှတ် ၁၃၂၈)နှင့် ဓမ္မရံ ကြီးစေတီတော်၏ မြောက်ဘက်ရှိ အင်းဘုရား(ဘုရားအမှတ် ၇၇၂)တို့သည်လည်း အေဒီ ၁၁ ရာစုလက်ရာ ပြောင်းတိုင်ပုံများဖြစ်ကြသည်။(အင်းဘုရားကို ယူနက်စ်ကို ပညာရှင်က အေဒီ ၁၂ ရာစု လက်ရာဟု ဖော်ပြခဲ့သည်။)
၁၂ ရာစု လက်ရာ ပုဂံစေတီများတွင် သီဟိုဠ်ဟန် တည်ထားခဲ့သည့်စေတီများတွင် ဆပဒ၊ ဆပဒေါ၊ ရွှေမုဋ္ဌော၊ စေတနာကြီး၊ စိမ်းညက်ညီအစ်မ စသည့် စေတီများ ပါဝင်ခဲ့သည်။ ယင်းတို့ကို ပစ္စယံပေါ်တွင် သပိတ်မှောက်ပုံ သို့မဟုတ် ခေါင်းလောင်းပုံ ကိုယ်ထည်ကို တည်ဆောက်၍ အပေါ်တွင် ဟာမိက ခေါ် ဓာတ်တော်တိုက်နှင့် ထုပိ ကာ အထွတ်ကို ထားရှိသည်။ သပိတ်မှောက်ပုံ စေတီကို အောက်ခြေ ပန္နက်အဝိုင်း များပေါ်တွင်တွေ့ရှိရကာ ခေါင်းလောင်းပုံစေတီကို လေးထောင့် သို့မဟုတ် ရှစ်မြှောင့် ပန္နက်ပေါ်တွင် တည်ဆောက်၍ ဖောင်းရစ်များ ထည့်သွင်းလေ့ရှိခဲ့သည်။

ပုဂံ ဘုရင် နရပတိစည်သူမင်း၏ ကောင်းမှုတော် တစ်ခုဖြစ်သည့် ဓမ္မရာဇိက စေတီသည် ငါးမျက်နှာ ဘုရားတစ်ဆူဖြစ်ကာ အောက်ခံငါးမြှောင့် ပန္နက်ပေါ်တွင် စေတီကိုတည်ထားသည်။ စေတီမျက်နှာတစ်ဖက်စီ၌ လှေကား တစ်စင်းစီနှင့် ကွန်းတောင်ပေါက် လိုဏ်(ကြေးဂူတိုက်) တစ်ခုစီ ပြုလုပ်ထားသည်။ဖောင်းရစ်များ ထည့်သွင်းတည်ဆောက်ထားသည့် ဓမ္မရာဇိကသည် ၁၁ ရာစုလက်ရာ ရွှေစည်းခုံ နှင့် အနည်းငယ်ဆင်တူသည်။
စိမ်းညက်ညီအစ်မဟု ခေါ်ဆိုကြသည့် စေတီ နှစ်ဆူတွင် တစ်ဆူက လိုဏ်ပါသည့် ဂူဘုရားဖြစ်၍ တစ်ဆူက လိုဏ်မပါသည့် စေတီဖြစ်သည်။ စိမ်းညက် ညီအစ်မ မြေစိုက်စေတီသည် ပစ္စယာ သုံးဆင့်ပေါ်တွင် ခေါင်းလောင်းပုံ၊ ဟာမိကနှင့်ဖောင်း ရစ်များကို အဆင့်ဆင့် တည်ဆောက်ထားသည့် စေတီလုံးတစ်ဆူဖြစ်၍ ထောင့်စိုက် စေတီအချို့သည် ကလသာ အိုးပုံစံနှင့် တူသယောင်ရှိသည်။ စိမ်းညက်ညီအစ်မ စေတီကို စိမ်းညက်ညီမက တည်ခဲ့သည်ဟု အဆိုရှိပြီး အောက်ခြေ၌ လေးထောင့် ပစ္စယံသုံးဆင့် ခံထားပြီး ပစ္စယံများ၏ ထောင့်လေး ထောင့်၌ သီဟိုဠ်ပုံစံ အရံစေတီ ငယ်များကို စိုက်ထူထားသည်။ ပထမပစ္စယံ အရံ စေတီများတွင် ဘီလူး ရုပ်များ၊ ဒုတိယ ပစ္စယံ ထောင့်စိုက်စေတီငယ်များ၏ အောက်ခြေတွင်ခြင်္သေ့ရုပ်များ၊ တတိယ ပစ္စယံ စေတီများတွင် ကိန္နရာရုပ်များ မွမ်းမံခဲ့သည်။ ပစ္စယံများ၏ အပေါ်ပိုင်း ခေါင်း လောင်းပုံပတ်လည်ကို ဘီလူးပန်းဆွဲများ၊ ပန်းထောင်၊ ပန်းတန်းများဖြင့် ရစ်ပတ် ထားကာ အောက်ခြေတွင် ကြာဖတ်များကို နှစ်ထပ်ခံထားသည်။
အလိုတော်ပြည့် ဂူဘုရားအနောက်ဘက်ရှိ စဉ့်စေတီသည် ခေါင်းလောင်းပုံ ကိုယ်လုံးတော်အား ငကျွဲနားတောင်းကဲ့သို့ စဉ့်ရည်သုတ်အုတ်များဖြင့် တည် ဆောက်ထားသဖြင့် စဉ့်စေတီဟု အမည်တွင်ခဲ့သည်။ မျက်နှာလေးဖက်တွင် တတိယ ပစ္စယံအထိ ရောက်ရှိသည့် လှေကားတစ်စင်းစီကို ပြုလုပ်ခဲ့သည်။ ဖောင်း ရစ်များကို အပြားတစ်လှည့် အလုံးတစ်လှည့် ပြုလုပ်ခဲ့သည်။
ပုဂံစေတီအများစုကို ၁၃ ရာစုတွင် တည်ဆောက်ခဲ့ကြပြီး ယင်းတို့အနက် မြင်းက ပါရွာ တောင်ဘက်ပိုင်းတွင် ၁၂ ရာစုက တည်ဆောက်ခဲ့သည့် စိုးမင်းကြီးစေတီကို ၁၃ ရာစု ပုဂံစေတီများ၏ ရှေ့ပြေးဗိသုကာလက်ရာဟု ခန့်မှန်းခဲ့ကြသည်။၁၃ ရာစု စေတီများသည် ၁၂ ရာစုစေတီများထက် ဉာဏ်တော်ပိုမြင့်ကာ မင်္ဂလာစေတီသည် ရွှေစည်းခုံစေတီပုံစံကိုယူကာ တည်ဆောက်ခဲ့သည်။
မင်္ဂလာစေတီ အရှေ့မြောက်ဘက်ရှိငါးမျက်နှာဘုရားသည် စေတီပေါက် ဂူဘုရား တစ်ဆူဖြစ်ကာ အပေါ်သို့တက်ရန် ကြောင်လိမ်လှေကား နှစ်စင်းတပ်ဆင်ခဲ့သည်။

ပုဂံ ဂူဘုရားများ
ပုဂံဒေသ၌ လိုဏ်ပါသည့် ဂူဘုရားများကို အများအပြားတွေ့ရှိနိုင်ပြီး သရေ ခေတ္တ ရာရှိ ဘဲဘဲဂူ၊ ရဟ္တာဂူ၊ အရှေ့ ဈေးဂူ စသည့် ဂူဘုရားများသည် ပုဂံဂူဘုရားများ၏ ရှေ့ပြေးဗိသုကာ လက်ရာများဖြစ်ကြသည်။
အေဒီ ၁၁ ရာစု လက်ရာ ပုဂံ ဂူဘုရားများအဖြစ် အာနန္ဒာ၊ ပုထိုးသားများ၊ အပယ် ရတနာ၊ နဂါးရုံ၊ မြင်းကပါ ဂူပြောက်ကြီးတို့ကို တွေ့ရှိနိုင်ကြကာ အချို့တစ်ထပ် လိုဏ်ဘုရားများ၏ ပစ္စယံဆင့်များအထက်တွင်ကွမ်းတောင်နှင့် အထွတ်စေတီများ တင်ခဲ့ကြ၍ အချို့တွင် စေတီပေါက်ခဲ့ကြသည်။
ယင်းဂူဘုရားများသည် အများ အားဖြင့် ဝင်ပေါက်တစ်ပေါက်သာထားရှိပြီး အလယ် မဏ္ဍိုင်တွင်ရှိသည့် ဂန္ဓကုဋိ တိုက်ကို အတွင်းပတ်လမ်းဖြင့် ပတ်ထားခြင်းများလည်းရှိသည်။ အာရုံခံ ဝင်ပေါက် အမိုးတွင် အုတ်ပေါင်း ကူးစီခြင်း၊ ကျောက်တိုင်နှင့် ကျောက်ထုတ်တန်းအပေါ်တွင် အုတ်စီခြင်းတို့ကို တွေ့ရှိနိုင်သည်။
၁၂ ရာစု လက်ရာ ပုဂံ ဂူဘုရားများအဖြစ် သဗ္ဗညု၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ လောက ထိပ်ပန်၊ စိမ်းညက်ညီအစ်မ၊ ခေမင်္ဂ၊ မြေ ဘုံသာ စသည်တို့ကို မြင်တွေ့နိုင်သည်။၁၂ ရာစုတွင် နှစ်ထပ်ဂူဘုရားများတည်ဆောက်ခဲ့ကာ ဂူအတွင်း၌ အလင်းရောင် ပိုမိုရရှိ စေရန် ဆောင်ရွက်နိုင်ခဲ့သည်။ လောကထိပ်ပန်ကဲ့သို့ လိုဏ်ဘုရားအငယ်များတွင် အလယ်မဏ္ဍိုင်ထည့်သွင်းခြင်းမပြုဘဲ တိုက်မကို ဂန္ဓကုဋိအဖြစ် ဖွဲ့စည်းခဲ့သည်။
စိမ်းညက်ညီအစ်မဂူဘုရား၏ လေးထောင့်ပုံ ပန္နက်ခုံကို မြေပြင်မှ သုံးပေကျော် မြှင့်ကာပန္နက်ပေါ်တွင် မုခ်ပေါက် လေးဖက်ပွင့် ဆောက်လုပ်ထားသည်။ ယင်းဂူ ဘုရားကို စိမ်းညက်မိဖုရားက ၁၂ ရာစု၌ တည်ခဲ့သည်ဟု ယူဆကြပြီးဗိသုကာ ပုံစံ လက်ရာကို ထောက်ဆ၌ ၁၃ ရာစု မြန်မာ့ဗိသုကာ လက်ရာဖြစ်ကြောင်း သမိုင်းဝင် ပုဂံစေတီပုထိုးများစာအုပ်တွင်ရေးသားထားသည်။
စေတီတော်၏အမည်များအရ ညီအစ်မနှစ်ဦးက တစ်ဆူစီတည်ခဲ့ဟန်ရှိသော်လည်း မှတ်တမ်းကျောက်စာများ မရှိပါချေ။ စိမ်းညက်ဂူဘုရားကို အလယ်၌ မဏ္ဍိုင်ခံ၍ စင်္ကြ ပတ်လမ်းပြုလုပ်ကာ ပတ်လမ်းမုခ်ခုံး နံရံများနှင့် အာရုံခံမုခ်များအတွင်း၌ ကနုတ်ပန်းများကို တွေ့ရှိရ သည်။ စိမ်းညက်ဂူသည် အောက်ခြေ၌ လေးထောင့်ပစ္စယံ သုံးဆင့်ခံထားပြီး ထောင့် လေးထောင့်ကို အခြေခံ၍ ဂူအထွတ်တင်ခဲ့သည်။ ကွမ်းတောင်ပေါက်လိုဏ် တစ်ထပ် ဂူဘုရားတစ်ဆူဖြစ်သည့် စိမ်းညက်ဂူဘုရား ပစ္စယံအဆင့် သုံးဆင့်၏ ထောင့်လေး ထောင့်၌ သီဟိုဠ်ပုံစံ ထောင့်စိုက်စေတီငယ်များ စိုက်ထူထားသည်။
ဂူအပြင်ဘက် မျက်နှာကို အင်္ဂတေပန်းတော့ လက်ရာဘီလူးပန်းဆွဲများဖြင့် တန်ဆာဆင်ထားသည်။