ရွှေသာလျောင်း ရုပ်ပွားတော်ကြီး (ပဲခူး)

ရွှေသာလျောင်းရုပ်ပွားတော်ကြီး( [ʃwèθàljáʊɴ pʰəjá]) သည် ပဲခူးမြို့ အနောက်ဘက်တွင် တည်ရှိသော လျောင်းတော်မူ ရုပ်ပွားတော်ကြီးဖြစ်သည်။ ထိုဘုရားကြီး ထားဝယ်မြို့ရှိ လျောင်းတော်မူဘုရားကြီးပြီးလျှင် ကမ္ဘာပေါ်ရှိ ဒုတိယအကြီးဆုံး လျောင်းတော်မူ ဘုရားဖြစ်ပြီး အလျားအားဖြင့် ၅၅ မီတာ(၁၈၀ ပေ)နှင့် အမြင့် ၁၆ မီတာ( ၅၂ ပေ) ရှိသည်။ ထိုဘုရားကြီးကို မွန်ဘုရင် မဂ္ဂဒီပ က သက္ကရာဇ် ၉၉၄ ခုနှစ်တွင် တည်ထားခဲ့သည်ဟု ယုံကြည်ရသည်။ ၁၇၅၇ ခုနှစ်တွင် အင်္ဂလိပ်တို့က ပဲခူးမြို့အား ကိုလိုနီအဖြစ်သွတ်သွင်းပြီးနောက် ဘုရားကြီးမှာ ပျောက်ဆုံးနေခဲ့ရသည်။ ၁၈၈၀ ခုနှစ်တွင် ၎င်းအနီးတစ်ဝိုက်အား ရထားလမ်းဖောက်လုပ်ရန် တူးဖော်ခဲ့စဉ် ခြုံနွယ်မြက်ရိုင်းများအောက်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရသည်။ ၁၈၈၁ ခုနှစ်တွင် ပြန်လည်ပြုပြင်မွမ်းမံရေးများ စတင်ခဲ့ပြီး ဘုရားခေါင်းအုံးတော်(ဘယ်ဘက်အခြမ်း)အား ထပ်မံတည်ဆောက်ခဲ့ပြီး ရုပ်ပွားတော်အပေါ်မှ သွပ်မိုး၊ အကာများ ဆောက်လုပ်ခဲ့ရာ ၁၉၃၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုပြုပြင်ရေးအတွက် အများပြည်သူများက အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။[၁]

တနည်း[ပြင်ဆင်ရန်]

ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကို ဟံသာဝတီဘုရင် သမလ၊ ဝိမလ မင်းဆက်မှ ၁၃ ဆက်မြောက်ဘုရင် မိဂါဒိပ္ပငယ်မင်းလက်ထက် ခရစ်နှစ် ၉၉၄ တွင် တည်ထားသည်။ ရုပ်ပွားတော်၏ မူလဘွဲ့မည်မှာ ကုသိနာရုံဘုရား ဖြစ်ပြီး၊ အလျား အတောင် ၃၀ ရှိကာ၊ အလျားအတောင် ၅၀၊ အနံအတောင် ၂၀ ရှိ သစ်သားတန်ဆောင်းအတွင်း ကိန်းဝပ်တော်မူသည်။ ခရစ်နှစ် ၁၃၂၈ တွင် ပုဂံဘုရင် စောနစ်မင်းက သီဟသူမင်း၏ သဘောတူခွင့်ပြုချက်ဖြင့် တန်ဆောင်းကြီးအား ရွှေချသည်။
မွန်ဘုရင်တိဿမင်း (၁၀၄၃-၁၀၅၇) လက်ထက်၌ ဘုရားကြီးအား လယ်ပယ် ၂၀ လှူသည်။ ဗညားဦးမင်း (၁၃၆၉-၁၃၈၃) လက်ထက်ဝယ် ဘုရား‌တန်ဆောင်းကို ပြုပြင်ကာ ရွှေချသည်။ ရာဇာဓိရာဇ် (၁၃၈၃-၁၄၂၃) လက်ထက် ၁၃၈၅ ခုတွင် ရုပ်ပွားတော်ကို ရွှေသင်္ကန်း ကပ်လှူသည်။ ထို့အတူ ရှင်စောပု (၁၄၅၂-၁၄၇၁) လက်ထက်တွင်လည်း တန်ဆောင်းဟောင်း ဖျက်သိမ်းကာ တင့်တယ်လှပသည့် တန်ဆောင်းသစ် တည်သည်။
ဘုရင့်နောင်မင်းလက်ထက်က မဟာစေတီတဝိုက်တွင် သုံ့ပန်းများ ထားရာ ယင်းတို့အကြီးအကဲက ဦးဆောင်လျက် ၁၅၆၄ တွင် တန်ဆောင်းကြီးကို မီးရှို့ဖျက်ဆီးသည်။ သို့ဖြင့် ဘုရင့်နောင်မင်းက မူလရုပ်ပွားတော်ကို ဖျက်သိမ်းကာ ရုပ်ပွားတော်သစ်တဆူ တည်ထားသည်။ အနောက်ဘက်လွန်မင်းက ပြုပြင်ပြီး ရွှေသင်္ကန်းလည်း ကပ်သည်။ ၁၇၈၆၊ ဘိုးတော်ဘုရားက အုတ်တိုင်နှင့် သစ်သားတန်ဆောင်း ဆောက်လှူသည်။ ဗြိတိသျှအုပ်စိုးစဉ် ပြုပြင်သူ မရှိဘဲ ချုံနွယ်ပိတ်ပေါင်းများ အကြား နှစ်ပေါင်းများစွာ တိမ်မြုပ်နေရာမှ ပြန်တွေ့ကာ ဗုဒ္ဓဘာသာဝင်များက ပြုပြင်သည်။[၂]