ရွှေမျက်မှန်ဘုရားကြီး (ရွှေတောင်)

ရွှေမျက်မှန်ဘုရားကြီးသည် ပဲခူးတိုင်းဒေသကြီး ၊ ရွှေတောင်မြို့ တွင် ရှိသည်။ အာဇာနည် ကျောက်တိုင်အနီး လမ်းညွှန်ဆိုင်းဘုတ်ကြီးကို ကျော်လာပြီးနောက် လက်ယာဘက်တွင် ရွှေမျက်မှန်ဘုရားကြီး ကိန်းဝပ်ရာ တန်ဆောင်းတော်ကြီး တည်ရှိသည်။
ရွှေမျက်မှန်ဘုရားကြီးမှာ ဉာဏ်တော် အတောင် (၂၀) ခန့် မြင့်သည်။ ရုပ်ပွားတော်၏ မျက်နှာ သုံးပုံတစ်ပုံခန့်သာသာ အရွယ်ရှိ ရွှေမျက်မှန်ကြီး တပ်ဆင်ထားသည်။ မျက်မှန်တော်ကြီးမှာ တစ်ဖက်မှတစ်ဖက် အထက်အောက် ကွင်းအကျယ် လက်မ ၂၀ စီ ရှိသည်။ အလျား ၂၂ လက်မ ရှိသည်။ မျက်လုံးတော်မှာ လက်မ ၂၀ ရှိပြီး မဟူရာမျက်လုံးတော်များ ဖြစ်သည်။ သရေခေတ္တရာတည် ဒွတ္တဘောင်မင်းကြီး လက်ထက်မှ စတင်တည်ထား ကိုးကွယ်ခဲ့သည်ဟု ဆိုသည်။ ခေတ်အဆက်ဆက် မျက်စိဝေဒနာရှင်များသည် ရုပ်ပွားတော်ကြီး၏ မျက်မှန်တော်ကို ပြုပြင်လှူဒါန်းခဲ့ကြသည်။ သန့်စင်ပေးခဲ့ကြသည်။ ဤနည်းဖြင့် မျက်စိရောဂါများ သက်သာပျောက်ကင်းသည်ဟု ယုံကြည်ကြသည်။