ဘုရားသမိုင်း[ပြင်ဆင်ရန်]
ဒွတ္တဘောင်မင်းကြီးသည် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမျှော်ရန်လာရောက်သောအခါ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဖက်ရှိ ဇေယျပထဝီအောင်မြေကုန်းတွင် မင်းကြီး စီးတော်ဆင်နှင့်မြင်းတို့ကိုချည်နှောင်ထားလေ့ရှိပါသည်။ မှူးကြီးမတ်ရာသေနာပတိတို့ ဆင်တပ်ကြီးကို အရှေ့ဖက်စောင်းတန်းထိပ်တွင် စခန်းချခဲ့သဖြင့် ယခုအခါဆင်တဲကျောင်းဟု အမည်တွင်ခဲ့ပါသည်။ ဒွတ္တဘောင်မင်းကြီးနတ်ရွှာစံသောအခါ သားတော်ရဟန်းနာအရှင်စန္ဒာသိရီနှင့်အရှင်စန္ဒာဂရာဇာတို့ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသော ဓာတ်တော်နှင့် မင်းမိဖုရား၏ လက်ဝတ်တန်ဆာတို့ကို ဌာပနာပြီး ရဟန္တာအရှင်သူမြတ်နှစ်ပါးနှင့် ပန်ထွာမိဖုရားတို့ ကြီးကြပ်ကာ ဆင်ချည်တိုင်နှင့် မြင်းချည်တိုင် ညီနောင်စေတီနှစ်ဆူကို တည်ထားတော်မူခဲ့ပါသည်။ ထို့နောက် ဆင်ချည်တိုင် ၊ မြင်းချည်တိုင်စေတီနှစ်ဆူမှာ နှစ်ကာလကြာနှောင်းလာသောအခါ ပျက်စီးလာသဖြင့် ဆရာတော်ဘဒ္ဒ န္တတေဇဝန္တဦးဆောင်ပြီး ဇေယျပထဝီကုန်းမြေပေါ်ရှိ ဆင်ချည်တိုင်၊ မြင်းချည်တိုင်စေတီတော်နေရာတွင် ဆယ်ထပ်ကြီးဘုရားကို( ၁၂၈၀ )ခုနှစ်မှစပြီး တည်ထားခဲ့ရာ နှစ်ကြိမ်တိုင်တိုင် အထမမြောက်ဘဲပြိုကျခဲ့သဖြင့် ( ၁၂၈၂ )ခုနှစ်တွင် ဗေဒင်ပညာရှိများ၏ တွက်ချက်မှုအရ ကဏာ ဇာလီကိန်းနက္ခတ်ကျနေသဖြင့် မောင်နှမအရင်းအထက်အောက်ဖြစ်ပြီး မောင်ဖြစ်သူစနေသားနှင့် နှမဖြစ်သူ ကြာသပတေးသမီးတို့ အုတ်မြစ်ချမှသာလျှင် အောင်မြင်မည်ဖြစ်သဖြင့် လိုက်လံရှာဖွေရာ အချို့မိဘများမှာ မိမိတို့သားသမီးများကို ဘုရားတည်ရန်အတွက် စတေးလိမ့်မည်ဟုယူဆပြီး မိမိတို့သားသမီးတို့နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့ပါသည်။ သို့ရာတွင် မိဘများ၏ ခွင့်ပြုချက်အရ မောင်တင်မောင် ( ဂ)နှစ်သားနှင့် မခင်သန်း ( ၅ )နှစ်သမီး မောင်နှမနှစ်ယောက်တို့ကို ဝါးတပြန်သာသာနက်သော မြေကြီးကျင်းထဲသို့ လူကြီးများကပွေ့ချီကာဆင်းပြီး ရွှေချထားသော အုတ်နှစ်ချပ်ကို ကိုင်ဆောင်စေလျှက်အုတ်မြစ်ချခဲ့ပါသည်။ ထိုအခိုက်ကျင်းကြီးနှုတ်ခမ်းများ စစ်ဗာရီများက သေနတ်များကိုမိုးပေါ်သို့ ထောင်ပြီးပစ်ဖောက်ရာ မြေကြီးမှာသိမ့်သိမ့်ခါခဲ့ပါသည်။ အောင်မြင်ခြင်းအထိမ်းအမှတ် အဖြစ်ပုပ္ပါးဆရာကြီး ဦးစော်ဘွားမှ ပန္နက်ချသော မောင်နှမနှစ်ယောက်၏ နောက်မှနေပြီး ဂါထာမန္တံများရွတ်ဖက်ခြင်း ၊ ခရုသင်းဖြူဖြူများမှုတ်ခြင်း ငွေဖလားကြီးနှင့် သပြေခတ်မှ ရေစက်များ ပတ်ဖြန်းပေးခဲ့ပါသည်။ ကျင်းကြီးအပေါ်မှ ပရိတ်သတ်များက ပန်းပေါက်ပေါက်များကြဲချခဲ့ပါသည်။ ယင်းမှာ ဆယ်ထပ်ကြီးဘုရားတည်ရန်အတွက် တတိယအကြိမ်အုတ်ဖြစ်ချခဲ့ခြင်းဖြစ်ပါသည်.....။
ဘုရားဉာဏ်တော်[ပြင်ဆင်ရန်]
ဆယ်ထပ်ကြီးဘုရားတည်ထားကိုးကွယ်ရန်အတွက် ဉာဏ်တော်အချိုးအစားကိုဝင်မစွတ်မြို့စားကြီးမှ ရှေ့အစဉ်အလာလင်္ကာအရ အတိုင်းအထွာရေးဆွဲပေးခဲ့ပါသည်။ ရုပ်ပွားတော်ကြီးအား ပန်းရံဆရာကြီး( ၆ )ဦးမှာ အချိုးအစားပြေပြစ် ကြည်ညိုဖွယ်ကောင်းအောင် သုံးနှစ်တိုင်တိုင်အချိန်ယူကာ အချောသတ်ပြီး ပြီးမြောက်အောင်မြင်သည်အထိ တည်ဆောက်ခဲ့ပါသည်။ ထို့နောက်မန္တလေးမြို့မှ မှာယူထားသည့် စကျင်ကျောက်ရုပ်ပွားတော်မှာ လေးလံလွန်းသဖြင့် အသုံးမပြုတော့ဘဲ မဟူရာမျက်လုံးတော်ကိုသွေး၍ ပူဖော်ခဲ့ပါတယ်။
ဘုရားဘွဲ့တော်[ပြင်ဆင်ရန်]
သို့ဖြစ်၍ ( ၁၂၈၀ )ပြည်နှစ်မှ စတင်တည်ထားခဲ့ရာ မူလဆင်ချည်တိုင်၊ မြင်းချည်တိုင် စေတီနှစ်ဆူမှာ ဓာတ်တော်များနှင့်လက်ဝတ်ရတနာများကို ဌာပနာပြီး ( ၁၂၉၀ )ပြည့်နှစ်တွင် ပြီးစီးအောင်မြင်ခဲ့ပြီး( ၁၀ )နှစ်တိုင်တိုင် တည်ထားခဲ့ရသဖြင့် ( ၁၀ )ထပ်ဘုရားကြီးဟု ဘွဲ့အမည်တွင်ခဲ့ရပါသည်။ ဉာဏ်တော်အမြင့်မှ ( ၇၃ )တောင် ( ၇ )လက်မ ၊ ( ၁၁၀ )ပေ ( ၁ )လက်မ ဖြစ်ပါတယ်။ ဆရာတော်ဘဒ္ဒန္ဒတေဇဝန္တမှ ဦးဆောင်တည်ထားခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးနှင့် စစ်ပြီးခေတ်နှစ်ပေါင်းများစွာ ထိန်းသိမ်းပူဇော်ခဲ့မှု ကင်းမဲ့ခဲ့သဖြင့် တိုင်းပြည်လုံးချမ်းသာဘုရားကြီးမှာ ချုံနွယ်ပိတ်ပေါင်းများနှင့်ဖုံးလွှမ်းကာ ညဥ့်အခါမှောင်နှင့်မည်းမည်းတစ်ပါးတည်း ဧကစာရီကျင့်သုံးတော်မူခဲ့ရပါသည်။ ထို့နောက် ( ၁၃၃၉ )ခုနှစ် ၊ နယုန်လဆန်း ( ၁၃ )ရက်နေ့ တိုင်းပြည်လုံးချမ်းသာဘုရားကြီးကို စေတနာရှင်သဒ္ဒါတရားထက်သန်ကြသော ရဟန်းရှင်လူပြည်သူအများတို့က ပြန်လည်ပြုပြင်မွမ်းမံတည်ထားကိုးကွယ်ခဲ့ကြသည်။ယနေ့တိုင် ပဲခူးတိုင်း ( အနောက်ပို်င်း ) ပြည်မြို့ ၊ ဆံတော်ရပ်ကွက်၊ ရွှေဆံတော်ဘုရားအရှေ့ဖက် တွင်“ တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားကြီး ” ကို ကြည်ညိုဖွယ်ရာ လာရောက် ဖူးမျှော်နိုင်ပါသည်။