မဟာစေတီ (ပဲခူး)

မဟာစေတီ သည် ပဲခူးမြို့၊ ပဲခူးမြစ်၏ အနောက်ဘက်ကမ်း၊ ကလျာဏီသိမ်တော်ကြီး၏ အနောက်မြောက် ယွမ်းယွမ်းတွင် တည်ရှိပြီး ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီး၏ကောင်းမှုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စေတီတည်ရန်အတွက် ဗညားလော၊ ဗညားဒလ၊ ဗညားပရံ၊ ဗညားကျန်းထော မွန်အမတ်ကြီး လေးဦး၊ သိရီဇေယျ နော်ရထာ၊ သိရီဇေယျ ကျော်ထင်၊ နေမျိုး ကျော်ထင်၊ နန္ဒ ကျော်ထင် မြန်မာအမတ်ကြီး လေးဦးတို့ကို လူစရိတ်ငွေ ၄၀၀ ပေးကာ စေတီတော်ကြီးတည်မည့်နေရာတွင် မြေရှင်း၊ မြေညှိလုပ်ငန်းများ လုပ်စေသည်။ ကျောက်တူးရန် ငွေ ၄၀၀ ထပ်မံပေးပြီး ကောင်းမှုတော် အနောက်တွင် နန်းပြာသာဒ်ဆောက်ကာ ကိုယ်တိုင်ပင် ကျပ်မတ်ကာ အပြီးတည်လေသည်။ သက္ကရာဇ် ၉၂၁၊ ဝါဆိုလဆန်း ၅ ရက်၊ ကြာသာပတေးနေ့တွင် စေတီတော်ဖိနပ်ရာအတွက် စတင်တွင်းတူးသည်။ ဝါခေါင်လပြည့်ကျော် ၂ ရက်၊ ကြာသာပတေးနေ့တွင် ရွှေ၊ ငွေ အုတ်များစီသည်။ ဇောတိယာယံကျောင်းနှင့် ကျောင်းရံပေါင်း ၄၀ စတင်ဆောက်သည်။
နတ်တော်လဆန်း ၁၄ ရက်၊တနင်္ဂနွေနေ့တွင် စေတီတော် ဌာပနာရန် အတွက်ဓာတ်တော်၊ မွေတော်များကို မင်းမျိုးများ၊ မင်းညီမင်းသားများ ကရွှေနန်းတော်မှ ပို့ဆောင်ပွဲကျင်းပသည်။ ထိုနေ့တွင်ပင် ရာဇဒေဝီ မိဖုရားမှ သမီးတော်တစ်ပါးဖွားမြင်ရာ ရာဇဓာတုကလျာ ဟုအမည်ပေးလေသည်။
နတ်တော်လပြည့်ကျော် ၂ ရက်တွင် ပွဲသဘင်ကြီးကျင်းပကာ ပထမ ဌာပနာပွဲကြီးကျင်းပသည်။ ထိုမှ အစပြုကာ နောက်၅ လအတွင်း ၅ကြိမ်၊စုစုပေါင်း ဌာပနာထည့်သွင်းပွဲကြီး ၆ ကြိမ်တိုင်တိုင်ကျင်းပသည်။ ထိုသို့ဖြင့် ၆ လအကြာတွင် သံတောင် ၁၀၀၊အရပ်တော် ၁၅၀ ရှိသည့် မဟာစေတီကြီး တည်ထားကိုးကွယ်ခြင်းမှာ ပြီးမြောက်အောင်မြင်လေသည်။
၉၂၂ ၊ ပြာသိုလပြည့်ကျော် ၂ ရက်နေ့တွင် ထီးတော်တင်ပွဲကျင်းပသည်။ မိမိကိုယ်တိုင်ဆောင်းသည့် မင်းဆောင်း မကိုဋ်တော်ကို လည်းလှုသည်။ စေတီတော်ကြီးအရှေ့တွင် ဥယျာဉ်တော်ကြီးဆောက်ကာ တာဝတိန်သာ ဟုအမည်ပေးသည်။ ရွှေနန်းတော်ကိုလည်းဖျက်ကာ မဟာစေတီတွင် ဇေတဝန်ကျောင်းကြီး ၄ ကျောင်းနှင့်တကွ ကျောင်းရံ ၁၀၀ ကိုလည်းလှုသည်။ ရွှေကျောင်းကြီး ၄ ကျောင်းတွင် ၅၅၀ ဇာတ်နိပါတ်များကို ရှေးဆွဲပူဇော်စေသည်။ မဟာစေတီ တံတိုင်းအတွင်း သုဓမ္မာဇရပ်များဆောက်ကာ ရွှေချရန် ရွှေချိန် ၅၃ ပိဿာ၊ ၅ကျပ်နှင့် တစ်မတ်သား တိတိ လှုသည်။ စေတီတော် တည်စဉ်က စံမြန်းသည့် ပြာသာဒ် သုံးဆောင်ကိုလည်း ဖျက်ကာ ကျောင်းဆောက်လှူသည်။
၁၅၉၉ ခုနှစ်တွင် အနောက်ဖက်လွန်မင်းသည် ပဲခူးအား သိမ်းပိုက်ပြီးသောအခါ တောင်ငူသို့ မွေတော်ဓာတ်တော်တို့အား ပင့်ဆောင်ခဲ့သည်။[၁] ၁၆၃၆ ခုနှစ်တွင် သာလွန်မင်းတရားသည် တောင်ငူသို့ ကျူးကျော်ခဲ့ပြီး မွေတော်ဓာတ်တော်တို့အား အင်းဝသို့ပင်ဆောင်ကာ စစ်ကိုင်းမြို့တွင် ကောင်းမှုတော်စေတီကို တည်ထားခဲ့သည်။[၁] သမိုင်းတစ်လျှောက်တွင် မဟာစေတီတော်ကြီးသည် စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် ဖြစ်ပွားသော ငလျင်များကြောင့် ကြိမ်ဖန်များစွာ ပျက်စီးခြင်းသို့ ရောက်ခဲ့ရသည်။ ၁၅၆၄၊ ၁၅၈၃ နှင့် ၈ အောက်တိုဘာ ၁၈၈၈ ခုနှစ်တို့တွင် ငလျင်ဒဏ်ခံစားခဲ့ရပြီး ၁၉၃၀ ခုနှစ်တွင် ပြိုကျခြင်းသို့ ရောက်ခဲ့ရသည်။ [၂][၃]မဟာစေတီကို ၁၉၅၀ ခုနှစ်တွင် ပြန်လည်တည်ထား ကိုးကွယ်ခဲ့ကြသည်။[၄]