ဓမ္မရံကြီးဘုရား

  • စေတီပုထိုးအမှတ်=၇၁၁/၃၆၅
ဓမ္မရံကြီးဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ ဓမ္မရံကြီးဘုရား(ဘုရားအမှတ်-၇၇၁) သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံကြီးဘုရားသည် ပုဂံဒေသတွင် ထုထည် အကြီးဆုံး ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

နရသူမင်းသည် ဖခင် အလောင်းစည်သူမင်းအား သတ်မိသည့်အတွက် နောင်တရပြီး ထိုမကောင်းမှု ပြေပျောက်စေရန် ကြီးစွာသော ကောင်းမှုပြုလုပ်ရန် ရည်ရွယ်၍ ဓမ္မရံကြီးဘုရားကို တည်ခဲ့ခြင်းဖြစ်သည်။

ဘွဲ့အမည်တော်[ပြင်ဆင်ရန်]

ဓမ္မရံကြီးဟူသော အမည်သည် ဓမ္မရံသီ (တရားတော်၏ ထွန်းပရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ ဓမ္မရံကြီးဘုရားဟု အမည်တွင်သည်မှာ နရပတိစည်သူ (စည်သူ-၂) လက်ထက် ဓမ္မရံကြီးအမည်ရှိ မထေရ် ထိုဘုရားတံတိုင်း ဝင်းအတွင်း အနောက်ဘက် ထောင့်ရှိ အုတ်ကျောင်းတွင် သီတင်းသုံးခဲ့သည့်အတွက် ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရားဟု ခေါ်ခဲ့ကြရာမှ ကာလကြာသော် ဓမ္မရံကြီးဟု ပြောင်းလဲအမည် တွင်ခဲ့သည်ဟု ဆိုသည်။

ဗိသုကာလက်ရာများ[ပြင်ဆင်ရန်]

ဓမ္မရံကြီးဘုရားတွင် အုတ်စီအုတ်နင်း ကောင်းမွန်မှုတို့ကို လေ့လာနိုင်သည်။ ဘုရားအတွင်း အုတ်နံရံတွင် ဓားစီခုတ် (အုတ်များကို သရွတ်နှင့် မစိမီ ဓားဖြင့် ရွှေခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များ ညှပ်စီ၍ စီထားပုံများ၊ ဘုရား၏ နံရံထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ၊ နံရံနှစ်ခုတွဲ ဆက်နေစေရန် ထောင့်ချုပ် ပေါင်းကူးများကို လေ့လာနိုင်သည်။ (ထိုသို့ ပြုလုပ် တည်ဆောက် ထားသောကြောင့် ငလျင်ဒဏ် အကြိမ်ကြိမ် ခံရသော်လည်း ထိခိုက် ပျက်စီးမှု နည်းပါးခဲ့သည်။
ဓမ္မရံကြီး ဘုရားအုတ်စီလက်ရာ ကောင်းမွန်သည့်အတွက် အုတ်တစ်ချပ် နှင့် တစ်ချပ်အကြား အပ်ထိုး၍ မရနိုင်အောင် စေ့စပ်သေချာသည်ဟု ပြောစမှတ် ပြုကြသည်။ ဘုရားတည်ရာတွင် နရသူမင်း ကိုယ်တိုင် ကြီးကြပ် စစ်ဆေးပြီး အလုပ်တာဝန် ပေါ့လျော့လျှင် အပြစ်ပေးသည့် အတွက် ပန်းရံ ဗိသုကာ တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရ၍ ဘုရားတည်၍ မပြီးနိုင်ဟု အဆိုရှိသည်။
ပန္နက်ပုံစံသည် အာနန္ဒာလိုဏ်ဂူဘုရားကြီး ပန္နက်ပုံစံနှင့် ဆင်တူသည်။ စတုရန်းပုံဖြစ်၍ လေးမျက်နှာ၌ အာရုံခံမုခ်များ ရှိသည်။ ဂရိတို့၏ ကြက်ခြေခတ်ပုံစံသဘောမျိုး ဖြစ်သည်။ အာနန္ဒာဘုရားကဲ့သို့ပင် အမိုးနှစ်ဆင့် နိမ့်လျှောရှိ၍ ပစ္စယာလေးဆင့် တက်ထားသည်။ ထိုအထက်၌ ကွမ်းတောင်နှင့် အထွက်တို့သည် ပျက်စီးလျက်ရှိသည်။ [၁]
ဓမ္မရံကြီး ဘုရားအလယ်မဏ္ဍိုင် ပတ်လည်၌ စင်္ကြံပတ်လမ်း နှစ်ထပ်ရှိသော်လည်း အတွင်းစင်္ကြံပတ်လမ်း တစ်ခုလုံးနှင့် အပြင်စင်္ကြံပတ်လမ်း အတွင်းမှ အတွင်းစင်္ကြံသို့ ဝင်ပေါက် အားလုံးကို အုတ်ဖြင့် အသေပိတ်ဆို့ထားသည်။
ထုထည် အင်မတန်ကြီးတဲ့ ဓမ္မရံကြီးဘုရားကတော့ နှစ်တွေကြာရှည်ခဲ့တဲ့ တိုင်အောင် အထက်စေတီနဲ့ အထွတ်ပဲ ပျက်စီးနေသေးသည်။ Paul Strachan ရေးတဲ့ Pagan, Art and Architecture of old Burma စာအုပ်တွင် ၁၈၅၅ ခုနှစ်၌ Colesworthy Grant ရေးဆွဲခဲ့သော ဓမ္မရံကြီးဘုရား၏ ပုံတစ်ခုကို ထင်ထင်ရှားရှား တွေ့ရှိရသည်။ ထိုပုံတွင် တွေ့ရသည်မှာ တစိတ်တပိုင်းခန့် ကျန်ရှိနေသော ကွမ်းတောင်အထက်မှ အထွတ်ဖြစ်သည်။ ထူးခြားသည်မှာ ထိုပုံတွင် ကွမ်းတောင်အထက်တွင် အထွတ်စေတီမပါဘဲ အထွတ်ငယ် တစ်ခုသာ တွေ့ရှိရသည်။ ယခုနောက်ပိုင်းရိုက်ကူးသည့် ပုံများတွင် ယင်းအထွတ်ကို ပြိုကျသွားခဲ့ပြီဖြစ်သဖြင့် မတွေ့နိုင်တော့ပေ။
ဘုရားတည်နေစဉ် အကွပ်အညှပ် ပြင်းထန်သောကြောင့် စေ့စပ်သေချာလွန်လွန်းမှုကြောင့် မပြီးစီးနိုင်ဟု ဆိုကြသည်။ ကောင်းမှုရှင် နရသူမင်း နန်းကျချိန်တွင် အပြီးမသတ်နိုင်တော့ဘဲ၊ ဆက်မလုပ်ဖြစ်သောကြောင့် ထုထည်နှင့်မလိုက်ဖက်အောင် သေးငယ်သည့် အထွတ်သာ ရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ယနေ့ တွေ့မြင်ကြရသည့် အတိုင်းပင်ဖြစ်သည်။ ထုထည်ကြီးမား၍ မြင့်မားမှုကြောင့် သို့မဟုတ် ဖခင် အလောင်းစည်သူမင်းကြီးနှင့် အစ်ကိုဖြစ်သူ မင်းရှင်စော ကို သတ်ခဲ့ကာ ထီးနန်းရခဲ့ပြီးမှ ‘ကုလားကျမင်း’ဟု နာမည်တွင်ခဲ့သော နရသူမင်း၏ ကောင်းမှုကို မပြင်ဆင်ချင်သော ဆန္ဒကြောင့်ဟူ၍လား မသိရပေ။ ပြုပြင်မည့် ကုသိုလ်ရှင် မရှိသေးဘဲ ယခုခေတ်တွင် လုပ်လေ့လုပ်ထ ရှိသော ကွမ်းတောင်၏ အထက်ဆုံးတွင် ပုံစံ ဆင်တူ စေတီ သေးသေးရှည်ရှည် ထပ်ထည့်ထားခြင်း မရှိပေ။ ဂူဘုရားကြီးများထဲမှ ဤဓမ္မရံကြီးဘုရား တစ်ဆူသာ ပြုပြင်ခြင်း ကင်းလွတ်နေသေးသည်။