တောင်ငူမြို့ရှိ ရွှေဆံတော်ဘုရားကို ဘုရင့်နောင်မင်းတရားကြီး၏ ညီတော် တောင်ငူမင်းသီဟသူရ မဟာဓမ္မရာဇာဘွဲ့ခံ ဘုရင်မင်းခေါင်သည် သက္ကရာဇ် ၉၃၂ ခုနှစ် တပေါင်းလပြည့်နေ့တွင် အုတ်မြစ်ချတည်တော်မူ ၍ သက္ကရာဇ် ၉၃၅ ခုနှစ် တပေါင်းလပြည့်နေ့တွင် ထီးတင်တော်မူသည်။ ဘုရင့်နောင်မင်းတရားကြီးသည် သက္ကရာဇ် ၉၃ဝ ပြည့်နှစ်တွင် သိန်းဃိုဠ်မင်း ဓမ္မပါလဆက်သသော ဆံတော်ရှစ်ဆူအနက် လေးဆူသော ဆံတော်များကို ညီတော် ပြည်မင်း၊ အင်းဝမင်း၊ မုတ္တမမင်းနှင့် တောင်ငူမင်းတို့ထံ ကိုးကွယ်တော်မူရန် ဆံတော်တစ်ဆူကျစီ ပေးသနားတော်မူခဲ့ရာမှ တောင်ငူမင်းသည် မိမိရရှိသော ဆံတော်မြတ်ကို ဌာပနာ၍ တည်ထားခဲ့ခြင်း ဖြစ်သည်။
တောင်ငူမင်း သီဟသူရမဟာဓမ္မရာဇာ၏ ကုသိုလ်တော် ဆံတော်ရှင်ဘုရား၏ လုံးပါတ်တော်မှာ သံတောင် ၁၂ဝ မြင့်သည်။ သံတောင်ကိုးတောင်ရှိ စေတီရံ ၂ဝ ရှိသည်။ အောက်ပန်းတင်ခုံအရှေ့မှ အနောက်သို့ တာပေါင်း ၄ဝ၊ တောင်မှမြောက်သို့ တာပေါင်း ၄ဝ စီ ရှိသည်။ ဘုရားကြီး၏ အနောက်မြောက်ထောင့်တွင် မဟာဗောဓိညောင်ပင်ကို စိုက်သည်။ ဘုရားကြီး၏ အရှေ့တောင်ထောင့်၊ အရှေ့မြောက်ထောင့်၊ အနောက်တောင်ထောင့်၊ အနောက်မြောက်ထောင့်အရပ်တို့တွင် ရေတွင်း လေးတွင်း တူးတော်မူသည်။ ဘုရားကြီး၏ လေးမျက်နှာမုခ်အထွက်တို့တွင် ဇရပ်ကြီးလေးဆောင်ကို ဆောက်လုပ်ထားသည်။
ဘုရားကြီးတည်သော သက္ကရာဇ် ၉၃၅ ခုနှစ်မှသည် နောက်ဆုံး ပြိုပျက်သော ၁၂၉၃ ခုနှစ်အတွင်း ယင်းဘုရားကြီးသည် သုံးကြိမ်တိုင်တိုင် ပြိုပျက်၍ အသစ်ထပ်မံငုံ၍ တည်ထားကြောင်းကို အတွင်းအုတ်ရိုး သုံးထပ်ကို ခန့်မှန်းကြည့်ခြင်းအားဖြင့် သိရလေသည်။
၁၂၉၃ ခုနှစ် နတ်တော်လဆန်း ၁၄ ရက်နေ့ ညဉ့်အချိန်တွင် မြေငလျင် ကြီးစွာလှုပ်သဖြင့် ဘုရားကြီးမှာ ပြိုအက်ပျက်စီးပြီးလျှင် ငှက်မြတ်နားနှင့် စိန်ဖူးတော်ကြီးတို့မှာ မြေသို့ ခရလေသည်။ မြို့သူမြို့သား နယ်သူ နယ်သားများ၏ စေတနာသဒ္ဓါတရား ထက်သန်မှုကြောင့် မြေသို့ခသော ငှက်မြတ်နားနှင့် စိန်ဖူးတော်ကြီးတို့ကို တစ်ဖန်ပြင်ဆင်ပြီးစီးသော်လည်း ၁၂၉၄ ခုနှစ် ဝါဆိုလတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားကြီး၏ ငှက်ပျောဖူးကြီး ပြိုကွဲပျက်စီးရပြန်လေသည်။
ထိုအခါ ဘုရားကြီး ပြန်လည်တည်ဆောက်ရေးအဖွဲ့လူကြီးများ ခေါင်းဆောင်ကာ မြို့နယ်လူထု အကူအညီဖြင့် ဘုရားကြီးကို ပြန်လည်တည်ဆောက်ခဲ့ရာ ၁၃ဝ၃ ခုနှစ်တွင် ရွှေချအောင်မြင်ပြီးစီးသဖြင့် ထီးတော်တင်ပွဲ ပြုလုပ်အံ့ဆဲဆဲ၊ ထိုနှစ် တန်ခူးလဆန်း ၃ ရက်၊ (ခရစ် ၁၉၄၂ ခုနှစ် မေလ ၁ ရက်)နေ့တွင် အင်္ဂလိပ်မဟာမိတ် တရုတ်စစ်သားများက ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းကြောင့် တတိယပစ္စယံတိုင်အောင် ပြိုကွဲပျက်စီးခဲ့လေသည်။
ထိုနောက် သက်ဆိုင်ရာ ခရိုင်အရာရှိကြီးများနှင့် ဂေါပက လူကြီးများ၏ ကြိုးပမ်းဆောင်ရွက်ချက်ကြောင့်၎င်း၊ နယ်သူနယ်သား၊ မြို့သူမြို့သားများ၏ စေတနာသဒ္ဓါဟုန်ကြောင့်၎င်း ၁၃၁၂ ခုနှစ် တပေါင်းလဆန်း ၁၅ ရက် (ခရစ် ၁၉၅၁ ခုနှစ် မတ်လ ၂၂ ရက်)နေ့တွင် ထိုစဉ်က ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ရွှေဆံတော် စေတီကြီးကို အုတ်မြစ်ချနိုင်ခဲ့လေသည်။ ၁၃၁၆ ခုနှစ် သီတင်းကျွတ်လကုန်တွင် စေတီတော်မြတ်ကြီး ငှက်ပျောဖူး၊ ကြာမှောက်ကြာလန်အထိ အချောကိုင် ရွှေချပြီးစီးသည်။ ၁၃၆၁ ခုနှစ် တန်ဆောင်မုန်းလဆန်း ၉ ရက်နေ့အထိ ခုနစ်ရက်တိုင်တိုင် အလွန်စည်ကားသိုက်မြိုက်စွာ ထီးတော်တင် ကပ်လှူပွဲကြီး ဆင်ယင်ကျင်းပခဲ့လေသည်။ [၁]