ပြည်ခရိုင် ရွှေတောင်မြို့နယ်ရှိ ရွှေနတ်တောင် ဘုရားသည် မြန်မာနိုင်ငံတွင် ထင်ရှား၍ တန်ခိုးကြီးဘုရားစေတီတော်တို့တွင် တစ်ဆူအပါအဝင် ဖြစ်သည်။
ရွှေနတ်တောင် ဘုရားသည် ရွှေတောင်မြို့တောင်ဘက် လေးမိုင်အကွာ ဒေဝါဂီရီခေါ် ရွှေနတ်တောင်ကုန်း မြင့်ပေါ်တွင် တည်ရှိသည်။ စေတီတော်ဆိုင်ရာ သမိုင်းဟောင်း၊ သမိုင်းလတ်များအပြင် ပါဠိဘာသာဖြင့် ရေးသားထားသော သမိုင်းသစ် စသည်ဖြင့် အထင်အရှားရှိသည်။ သမိုင်းအဆိုအရ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူပြီးနောက် တစ်နှစ်မြောက်ဖြစ်သော သက္ကရာဇ် ၁ဝ၄ ခုနှစ်တွင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်မှ ယခု ရွှေနတ်တောင် ဘုရားတည်ရာ ဒေဝါဂီရိတောင်သို့ အရံသံဃာမပါ ကိုယ်တော်တစ်ပါးတည်းသာလျှင် တောင်စောင့်နတ်ကြီးအသွင့်ဖြင့် ကြွ ရောက်တော်မူသည်။ ထိုကာလက ယင်းတောင်ကြီး၏ အနီးရှိ ယခု ရွှေတောင်မြို့နေရာ ဖြစ်သော ကဉ္စနဂီရိနိဂုံးသူ နိဂုံးသားတို့သည် ဘာသာအလိုက် စရိုက်အားလျော်စွာ နတ်ကိုးကွယ်ကြရာ ထိုတောင်ကြီးပေါ်၌ နတ်ကွန်းဆောက်၍ တပေါင်းလတိုင်း ထိုတောင်စောင့်နတ်ကြီးကို ဆည်းကပ်ပသတင်မြှောက် ပူဇော်ကြသည်။
ဒေဝါဂီရိတောင်ထိပ်ပေါ်သို့ ဘုရားရှင် ကြွတော်မူသည်ကာလ နတ်ဗြဟ္မာတို့လည်း ပူဇော်ရန် အသီးအသီး ရောက်လာကြကုန်သည်။ ထိုအခါ တောင်အလုံးသည် ဘုရားခင်၏ရောင်ခြည်တော်တို့ဖြင့် တစ်လျှပ်လျှပ် ထွန်းပ၍ နေလေသည်။ ယင်းသို့ အလျှံအဝါတောက်ပပုံကို မြင်ရသောနိဂုံးသူ နိဂုံးသားတို့သည် တအံ့တဩဖြစ်ကာ နောက်တစ်နေ့နံနက်တွင် တောင်သို့ တက်၍ ကြည့်ကြရာ သိကြားမင်းခင်းအပ်သော ပလ္လင်ညောင်စောင်း၌ နတ်သားအသွင် ဘုရားရှင်ကို တွေ့မြင်ရသည့်အခါ သူတို့ကိုးကွယ်သော နတ်မင်း ကိုယ်ထင် ပြသည်ဟု ယူဆကြကုန်သည်။ ဘုရားသခင်အား နတ်ကြီးအမှတ်ဖြင့် ရှိခိုးပူဇော်ကြ၍ ဘုရားသခင်ဟောတော်မူသော တရားကို နာယူကြသည်တွင် အချို့သောပရိသတ်သည် သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလ မြဲကြကုန်သည်။ ဘုရားသခင်သည် ခုနစ်ရက်ပတ်လုံး တရားဒေသနာများ ဟောတော်မူပြီးနောက် ရှစ်ရက်မြောက်သောနေ့၌ နိဂုံးသူ နိဂုံးသားတို့ ကိုးကွယ်ဆည်းကပ်ရန် ဘုရားရှင်ကိုယ်စား နတ်သားအသွယ်ဖြင့် နိမ္မိတရုပ်ပွားတော်ကို ထားတော်မူခဲ့ကာ ရာဇဂြိုဟ်သို့ ပြန်ကြွတော်မူသည်။ နိဂုံးသူ နိဂုံးသားတို့သည် ရုပ် ပွားတော်ကို ပျက်ပြားဆုတ်ယုတ်ခြင်း မရှိစေရန် အင်္ဂတေအုတ်ရိုးတို့ဖြင့် ပုထိုးစေတီငုံ၍ တည်လေသည်။ စေတီတော်တည်ကြရာတွင် နေ့တွင် လူတို့ကတစ်ရစ် တည်၍ ညဉ့်တွင် နတ်တို့ကတစ်ရစ် တက်တည်သည်ဟု အဆိုရှိသည်။ ထို့ကြောင့် သမိုင်းရင်း၌ 'လူနတ် နှစ်လီ၊ တစ်ရစ်စီ၊ စေတီရွှေနတ်တောင်'ဟု ဆိုသည်။ စေတီ တော်ဘုရားပွဲကိုလည်း နိဂုံးသူနိဂုံးသားတို့သည် ရှေးဦးမဆွ ကျင်းပပြုလုပ်မြဲအတိုင်း နှစ်စဉ် တပေါင်းလ၌ ကျင်းပကြရာ ယခုခေတ်တိုင်ပင် ဖြစ်သည်။ နတ်ကြီးနေရာတောင်တွင် ရွှေတောင်၊ ရွှေတုံးကြီးကဲ့သို့ အရောင်အဝါများ တဖိတ်ဖိတ်တောက်သည်ကို အစွဲပြု၍ ရွှေနတ်တောင်ဟု တွင်ရာမှ ယင်းတောင်ပေါ်၌ တည်ထားသော ဘုရားသည် ရွှေနတ်တောင်ဘုရားဟု ကျော်ကြားခဲ့လေသည်။ ရွှေနတ်တောင်ဘုရားကို ဒွတ္တပေါင်မင်းကြီးမှအစ မင်းအပေါင်းတို့သည် ဆက်လက်ပြုပြင် ကိုးကွယ်ကြသည်။ ဒွတ္တပေါင်မင်းကြီးလက်ထက်တွင် မိဖုရားနှစ်ပါး ဖြစ်ကုန်သော ပိဿနိုးနှင့် စန္ဒာဒေဝီတို့သည် ပျက်စီး ယိုယွင်းနေသော ရွှေနတ်တောင်ဘုရားကို အုတ်အင်္ဂတေများ ရှင်းလင်းပြီးနောက် ဘုရားရှင်၏ဓာတ်တော် ပေါင်း ၁၈၂ ဆူကို ရတနာကြုတ်ဖြင့်ထည့်ကာ ဌာပနာ၍ ရွှေစေတီတော်တစ်ထပ်၊ ငွေစေတီတစ်ထပ် မွမ်းမံပြီးလျှင် အုတ်ရိုးစေတီ ၁၅ တောင် အမြင့် တည်သည်။ ဒွတ္တပေါင်မင်းကြီးကလည်း စေတီတော် ပြီးစီးသောအခါ နေထွက်နေဝင်အခါတွင် စေတီတော် အရိပ်ထွက်သမျှ ဌာနကို ဘုရားမြေဖြစ်စေ၊ ဤနယ်မြေမှ ထွက်သမျှ အခွန်ကို စေတီတော်၌ ဆွမ်းတော်ဝတ်၊ ဆီမီးဝတ် ဖြစ်စေဟု လှူ၍ တပေါင်းလတိုင်း ပွဲလမ်းသဘင် ဆင်ယင်ကျင်းပ ပူဇော်သည်။ ထိုနောက် ပုဂံပြည် တရုတ်ပြေးမင်း၏သားတော် ပြည်စား သီဟသူသည် ခမည်းတော် မှာထားချက်အရ ခမည်းတော်လက်စွပ်ကို ရောင်းချ၍ ရွှေနတ်တောင်စေတီတော်ကို ထပ်မံ ပြုပြင်ရာ ဉာဏ်တော် ၄၄ တောင်မြင့်လေသည်။ တောင်ငူဘုရင် တပင်ရွှေထီးလက်ထက်တွင်လည်း ကိုယ်တော်လုံးပတ်ပြည့် ရွှေသင်္ကန်း ကပ်ခဲ့သည်။ ကုန်းတော်ရင်ပြင်ဝယ် တင့်တယ် ထူးဆန်း ခြူးပန်းခြူးနွယ် အသွယ်သွယ်သော ရတနာတို့ဖြင့် ချယ်လှယ်အပ်သော ရွှေပြာသာဒ်တော်ကို၎င်း၊ စောင်းတန်းလှေကား များစွာသော အရုဏ်ခံ တံဆောင်းတို့ကို၎င်း ဆောက်လုပ်လှူဒါန်းတော်မူသည်။ ယင်းသို့ မင်းအဆက်ဆက် ပြုပြင်ပူဇော်ခဲ့ရာ ယခုအခါ စေတီတော်သည် ထီးတော်မပါ ဉာဏ်တော် ၆၄ တောင် ရှိသည်။ ထီးတော်ပါမူ အတောင် ၈ဝ မြင့်သည်။ စေတီတော်၏ ဝန်းကျင်ပတ်လည်တွင် စေတီရံ ၁၇ ဆူနှင့် ရွှေပန်းခိုင်ကြီး ၁၅ ခိုင် ရှိသည်။ ဘုရားကုန်းတော်ပေါ်၌ ကြေးခေါင်းလောင်းပေါင်း ၂၁ လုံး၊ ထီးတိုင်ပေါင်း ၁၄ ခုနှင့် ဘုရားဖူးပရိသတ်တို့ နားနေရန် သုံးထပ်ဇရပ်ကြီးနှင့်တကွ ဇရပ်စုစုပေါင်း ၁၅ ခု ရှိသည်။ မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်၌ ရှိစဉ် အိန္ဒိယနိုင်ငံတွင် ခွဲရေးတွဲရေး ပြဿနာပေါ်ပေါက်လာရာ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ခွဲရေးအောင်မြင်သည်ကို အမှတ်ရစိမ့်သောငှာ ဘုရားကုန်းတော်ပေါ်၌ပင် ကျောက်စာတိုင် စိုက်ထူထားသည်ကို တွေ့ရသည်။ စေတီတော်ကုန်း၏ တောင်ဘက်တွင် နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များ တံဆောင်းရှိ၍၊ ယင်းသို့ သွားရာလမ်းတွင် ဝင်္ကပါတောင်လမ်း ရှိသည်။
ထို့ပြင် ဒွတ္တပေါင်မင်းကြီးလက်ထက် အလယ်နန်းပိဿနိုးဖုရားသည် ရှင်မဟာယသမထေရ် ဟောကြားတော်မူသော တေမိဇာတ်တော်ကို ကြည်ညိုလှသဖြင့် တေမိဇာတ်၌ ပါရှိသည့် ကာသိကရာဇ်တိုင်း ဗာရာဏသီပြည်သို့ သွား၍ တေမိမင်းသား ရဟန်းပြုလုပ်သည့်တိုင်အောင်သော အဖြစ် အပျက်နေရာထိုင်ခင်းတို့ကို ရှုမြင်လိုသည့်ချင်ခြင်း ပြင်းပြစွာဖြစ်၏။ မိဖုရား၏ဆန္ဒကို ပြည့်ဝစေရန် ကဉ္စနာဂီရိခေါ် ကာသိတိုင်းအဖြစ် စီရင်၍ မိဖုရားအား လိုက်လံပြသသည်ဟု ဆိုလေသည်။
ထိုကြောင့် ရွှေနတ်တောင်၏ အနီးဝန်းကျင်တွင် မိဖုရားကြီး လှည့်လည်ကြည့်ရှုစဉ်က တေမိမင်းသားအား မြေမြှုပ်ရန် တွင်းတူးသည့်နေရာဟု ပြသရာဖြစ်သော တွင်းတောင်အရပ်၊ ရထားရပ်ရာဖြစ်သော ရပ်တော်မူအရပ် (ယခု မှတ်တော်မူအရပ်)၊ မင်းသားရထားမှဆင်း၍ အားစမ်းအံ့သောငှာ ရထားကိုမွှေ့၍ လည်စေရာဌာနဟု ပြသည့်အရပ်ဖြစ်သော ယခုအခါ မွေလယ်ရပ်၊ တေမိမင်း၏ ခမည်းတော် မယ်တော်တို့ လိုက်လာ၍ ရသေ့ရဟန်းပြုကာ နေထိုင်ရာဌာနဟု ပြသသည့်အရပ်ကို ခမည်းတော်သင်္ခမ်း၊ မယ်တော်သင်္ခမ်း၊ ဟုတွင်သော သင်္ခမ်းကြီးတောင် စသည်တို့သည် ယခုတိုင် ရှိသေးသည်။ သင်္ခမ်းကြီးတောင်တွင်လည်း ဒွတ္တပေါင်မင်းကြီး မိဖုရားပိဿနိုးနှင့် စန္ဒာဒေဝီတို့က ဓာတ်တော်ဌာပနာ၍ တည်ထားသော သင်္ခမ်းကြီးစေတီ ရှိသည်။[၁]