ရွှေဆံတော်ဘုရား (ပြည်)

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၊ ဆံတော်ရပ်၌ သုဒဿနမည်သော တောင်ကုန်းငယ်တွင် တည်ရှိသော ရွှေဆံတော်ဘုရားကို မြသိတင် (မြသီးတင်) ဘုရားဟုလည်း ရှေးက ခေါ်တွင်ခဲ့သည်။ ရွှေဆံတော်၏ ဉာဏ်တော်မှာ ထီးတော်မှ ဖိနပ်တော် (တတိယပစ္စယံ)အထိ ၁၂၇ ပေ၊ (၈၅ တောင်)၊ လုံးပတ်တော် ၈၈ ပေ ၈ လက်မ၊ ဖိနပ်တော် ၂၉၄ ပေ အသီးအသီး ရှိလေသည်။
ရွှေဆံတော်စေတီတော်၏ ရင်ပြင်တော်အရှေ့ယွန်း၌ ဆုတောင်းပြည့်ဂူနှင့် ရုပ်ပွားတော်ကြီး နှစ်ဆူ ရှိသည်။ ထိုကြောင့် စာဆိုကျော်နဝဒေးကြီးက ဆုတောင်းပြည့်ဘုရားတိုင်ရတု၌ တောင်ထက်တောင်မြတ်၊ တောင်ကျော်ထွတ်၌၊ လူနတ်များရှင်၊ မြသိတင်နှင့်၊ တပြင်မခြား၊ ရှေ့ယွန်းနားဝယ်၊ တရားဘုန်းခေါင်၊ ဒွတ္တဘောင်ဟု၊ ပြည်ထောင်များနတ်၊ တည်ခဲ့မှတ်သည်။ လျှံပတ်ညီးညီး၊ ခြောက်သွယ်စီးသား၊ ရွှေထီး ရွှေတိုင်၊ ရွှေစိုင် တစ်ခဲ၊ လိုဏ်နန်းထဲက၊ ရဲရဲထွန်းပြောင်၊ ကိုယ်တော်ရောင်ဖြင့်၊ ညီနောင်နှစ်ဖော်၊ ကျွန်းလုံးကျော်သည်၊ မည်တော်ဆုတောင်းပြည့်တကားဟု စပ်ဆိုခဲ့ခြင်း ဖြစ်လေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သမိုင်းအဆိုအရ ပြည်ရွှေဆံတော်ဘုရားတွင် ကကုသန်ဘုရားရှင်၏ ဒုကုဋ်တော်၊ ကောဏာဂုံဘုရားရှင်၏ အံသကိုဋ်သင်္ကန်းတော်၊ ကဿပဘုရားရှင်၏ ခါးပန်းတော်၊ ဂေါတမဘုရားရှင်၏ ဆံတော်လေးဆူနှင့် နိသီဒိုန်တို့ကို ဌာပနာကြောင်း သိရသည်။ ဂေါတမမြတ်စွာဘုရားသခင်သည် ဘုရားဖြစ်၍ ရှစ်နှစ်မြောက်တွင် မြန်မာပြည်သို့ ဒေသစာရီကြွတော်မူရာ ဤအရပ်၌ ပုဂံပြည်ကြီး ဖြစ်လတ္တံ့၊ ဤအရပ်၌ သရေခေတ္တရာပြည်ကြီး ဖြစ်လတ္တံ့ စသည်ဖြင့် ဗျာဒိတ်မြွက်ကြားပြီးနောက် စင်္ကြန်ကျွန်းသို့ ကြွတော်မူသည်။ ယင်းသို့ ကြွတော်မူစဉ် ဧရာပထ နဂါးမင်းက ခပ်သိမ်းလူအပေါင်းတို့ ကိုးကွယ်ရစိမ့်သောငှာ ဆံတော်ဓာတ်ကို သနားရန် လျှောက်ထားလေသည်။ ဘုရားသခင်သည် နဂါးမင်းအား မပေးဘဲ သုဝဏ္ဏဘုမ္မိအရပ်သို့ ကုန်သွယ်သွားနေသော အစ္စိက-ဖလ္လိက ကုန်သည်ညီနောင်တို့အားသာ ပေးမည်ဟု မိန့်ကြားကာ လက်ယာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်လေသော် ဆံတော်လေးဆူ ပါလာသည်။ ယင်းဆံတော်တို့ကို နဂါးမင်းဆက်သည့် မြကြုတ်၌ထည့်၍ ကိုးကွယ်ထိုက်သူ ဖူးတွေ့ကာ သာသနာတည်မည့်အရပ်၌ မြကြုတ်သည် လက်ဝါးတော်မှ ပျံတက်၍ ထန်း ခုနစ်ဆင့်မြင့်သောအရပ်၌ ရောင်ခြည်တော်မြူးကာ တစ်ပင်ဝါးပဒေသာခွအကြား၌ ရပ်နားလေသည်။
သုဝဏ္ဏဘုမ္မိမှ ပြန်လာသော အစ္စိက-ဖလ္လိကညီနောင်လည်း ဧရာဝတီမြစ်ကြောင်းကို ဆန်တက်လာရာ ဆံတော်ကြုတ်တည်ရာ ကမ်းနားသို့ရောက်လျှင် ရွှေရောင်တဝင်းဝင်းနှင့် တွေ့မြင်ရသဖြင့် ကုန်းအထက်သို့ တက်၍ ကြည့်ကြသည်။ ကုန်းပေါ်သို့ရောက်သော ရတနာမြကြုတ်နှင့်တကွ ဆံတော်လေးဆူကို တစ်ပင်ဝါး ပဒေသာအကြား၌ တွေ့ရှိ၍ ဖောင်ပေါ်သို့ ပင့်ခဲ့ပြီးနောက် မြင့်မြတ်ရာကုန်းကို ရှာသော် ယခုရွှေဆံတော် ဘုရားတည်ရာ သုဒဿနကုန်းကို တွေ့သဖြင့် ထိုကုန်း၌ပင် ရတနာမြကြုတ်နှင့် ဆံတော်လေးဆူကို ရွှေအုတ်ခုနစ်ချပ်ရံကာ ဌာပနာ၍ စေတီတည်သည်။
သာသနာနှစ် ၁ဝ၁ ခုတွင် ဒွတ္တဘောင်မင်းကြီး နန်းတက်သော် သုဒဿနကုန်း၌ ဘုရားသခင်၏ဆံတော်လေးဆူ ဌာပနာ၍ စေတီတည်ထားကြောင်း ကြားတော်မူ၍ သုဒဿနကုန်းကို ရှာဖွေစေသည်။ ချုံ နွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးအုပ်နေသော စေတီတော်ကို ဖူးတွေ့ရသော် အတောင် ၈ဝ ရှိသော ဓာတ်တော်တိုက် တံခါးနံရံကို ဖွင့်လှစ်တော်မူ၍ ဆက်လက်တူးသော် ရှေးဘုရားသုံးဆူ၏ ပရိဘောဂထည့်ရာ ရွှေကျောင်းဆောင်သုံးခုနှင့် ဂေါတမဘုရား၏ ဆံတော်လေးဆူကို ဖူးတွေ့ရပြီးနောက် စေတီတော်ကို ထပ်မံတည်ထားသည်။ သာသနာနှစ် ၁၂၆ ခု တပေါင်းလဆန်း ၈ ရက်နေ့ကစ၍ တည်ရာ ယင်းလပြည့်ကျော် ၈ ရက်နေ့တွင် ပြီးသောဟူ၏။ အစ္စိက-ဖလ္လိက ကုန်သည်ညီနောင်တို့ ရွှေအုတ်ရာတွင် ဆုတောင်းပြည့်ဘုရားကိုယ်တော်သဏ္ဌာန် ရုပ်တုတော်နှစ်ဆူ ဂူမုခ်လုပ်၍ တည်တော်မူသည်။ သက္ကရာဇ် ၄၅ဝ ပြည့်တွင် ပုဂံပြည် အလောင်းစည်သူမင်းသည် စေတီတော်ကို ထပ်မံပြုပြင် တည်ထားတော်မူသည်။ ထိုနောက် ပြည်မင်းမျက်နှာ ရှည်လက်ထက် စေတီတော်ကို သံတောင် ၂၈ တောင်နှစ်မိုက်အထိ ထပ်ပွားတည်ကာ ရွှေထီးကိုးဆင့် တင်တော်မူသည်။ ထိုနောက် သားတော်မျက်နှာပုလက်ထက်စေတီတော်၏ အရှေ့တောင်ထောင့် အခြေသာခိုင်၍ အနောက်မြောက်ထောင့် ချောက်ကြီးလှ၍ မခိုင်ဟုဆိုကာ ကုန်းတော်ကို အမတ်တို့နှင့် တိုင်ပင်၍ အကျယ် ချဲ့သည်။ တည်ရင်းစေတီကို အရှေ့တောင်ထောင့် အင်္ဂါအရပ်က ထား၍ အမြင့်သံတောင် ၅၈ တောင်၊ စေတီရံသုံးဆင့်နှင့် စည်းခုံစေတီ ကြီး တည်တော်မူသည်။ ရွှေထီးကိုးဆင့် မြသီးရောင်လျှံ့တော်ဖူးတင်တော်မူ၍ မြသီးတင်ဘုရားဟု သမုတ်တော်မူသည်။ ဤသို့အားဖြင့် ရွှေဆံတော်ဘုရားကို ဘုရင်စိုးမင်းနှင့် မြို့စားအဆက်အဆက် ပြုပြင်ထပ်ပွား တည်ထားခဲ့ရာ ယခုအခြေသို့ ဆိုက်ရောက်ခဲ့လေသည်။ [၁]

ရွှေဆံတော်မွန်ကျောက်စာ[ပြင်ဆင်ရန်]

ပြည်ရွှေဆံတော်စေတီရင်ပြင်‌ေအာက်ဘက် တနင်္ဂနွေထောင့် ကျောက်စာတိုက်၌ ကျန်စစ်သားမင်း မွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာများထားရှိသည်။ စုစုပေါင်း ကျောက်စာ ၄ ချပ် ရှိကာ ကျန်စစ်သားမင်းက သူ့ဘဝဖြစ်စဉ်ကို ရေးထိုးထားသည်။ [၂]